![]()
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများကို ကောက်ယူသည့် စစ်တမ်းတွင် ၉၈ ရာခိုင်နှုန်းက မဲပေးရန် မလိုလားကြောင်း စစ်တမ်းဖြေဆိုခဲ့ကြသည်ဟု သိရသည်။
မဲဆောက် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ပြန်သော “မြန်မာကို လေးစား” အစီရင်ခံစာအရ မြို့ပေါင်း ၁၄ မြို့မှ ရွှေ့ပြောင်းလုပ်သား ၂၀၉ ဦးအား တွေ့ဆုံမေးမြန်းရာတွင် ၉၈ ရာခိုင်နှုန်းက ထိုသို့ ဖြေဆိုကြပြီး ရွေးကောက်ပွဲကို တရားမဝင်သော အတုအယောင် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မြင်ကြသည်။
ထို့အပြင် ၉၀ ရာခိုင်နှုန်းကျော်က စစ်တပ်ကို တရားဝင် အုပ်ချုပ်ခွင့်ရှိသည့် အဖွဲ့အစည်းအဖြစ် အသိအမှတ် မပြုကြသည့်အပြင် လာမည့်ရွေးကောက်ပွဲကို စစ်တပ်၏ အာဏာတည်မြဲရေးအတွက် ဖန်တီးထားသော “နိုင်ငံရေးထွက်ပေါက်” အဖြစ်သာ ရှုမြင်ကြသည်။
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် စိတ်အားထက်သန်စွာ မဲပေးခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင်မူ ကြိုတင်မဲပေးရန် လိုအပ်သည့် ပုံစံ ၁၅ အကြောင်းကိုပင် ဖြေဆိုသူ လူဦးရေ ထက်ဝက်ကျော်က စိတ်ဝင်စားခြင်း မရှိကြကြောင်း တွေ့ရသည်။
ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးမိုးကျော်က “၂၀၂၀ ရွေးကောက်ပွဲမှာတုန်းက အလုပ်သမားတွေကိုယ်တိုင်က နယ်စပ်ကနေ သံရုံးတွေ၊ စစ်သံမှူးရုံးတွေရှိတဲ့ နေရာတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်စီစဉ်ပြီး ကြိုတင်မဲပေးဖို့ သွားကြတာ ကျနော်တို့ တွေ့ရတယ်။ အခုက ဘယ်သူမှ မသွားကြဘူး။ မဲပေးတာ မတွေ့ရဘူး။ စိတ်လည်းမဝင်စားကြဘူး” ဟု သံလွင်ခက်ကို မှတ်ချက်ပေးသည်။

ရွှေ့ပြောင်းမြန်မာများအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများကို တန်ဖိုးထားလက်ခံသည့် သဘောထားရှိသော်လည်း စစ်အုပ်စု၏ ရွေးကောက်ပွဲကိုမူ ယုတ္တိရှိသော ကျိုးကြောင်းပြမှုများဖြင့် ငြင်းပယ်ကြခြင်းဖြစ်သည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ထောက်ပြထားသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် စစ်ကောင်စီ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ
သော်လည်း နောက်ဆက်တွဲ စိုးရိမ်မှုများလည်း ရှိနေသည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့် စာရွက်စာတမ်းများ သက်တမ်းတိုးရန် ခက်ခဲနိုင်ခြင်းနှင့် နောက်ဆုံးတွင် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်သည်ကို စိုးရိမ်ကြသည်။
BACS ဒါရိုက်တာ မခရစ္စတင်းက “လက်ရှိ ရွေးကောက်ပွဲကို မြန်မာပြည်သူတွေက ဒီမိုကရေစီနည်းလမ်းနဲ့ ပြုလုပ်တာလို့ မယူဆကြပါဘူး။ စစ်တမ်းပါဝင်သူ ၉၈ ရာခိုင်နှုန်းက ဒီရွေးကောက်ပွဲကို ငြင်းဆိုထားကြပါတယ်။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲနောက်ဆက်တွဲကြောင့် သူတိုရဲ့ ဘဝအခြေအနေတွေ ပိုမိုအခက်အခဲဖြစ်လာနိုင်တာကို စိုးရိမ်နေကြပါတယ်” ဟု ဆိုသည်။

မြန်မာပြည် ပြန်ပို့ခံရပြီးနောက်တွင်လည်း စစ်မှုထမ်း အတင်းအကျပ်ခေါ်ဆောင်ခံရခြင်းနှင့် အခြား လုံခြုံရေးအန္တရာယ်များ ကြုံတွေ့ရနိုင်သည့်အပေါ် စိုးရိမ်မှုများရှိကြောင်း BACS ၏ စစ်တမ်း၌ ရွှေ့ပြောင်းမြန်မာများက ထုတ်ဖော်ပြောဆိုထားကြသည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက စစ်ကော်မရှင်နှင့် ပူးပေါင်း၍ အတင်းအကြပ် ပြန်ပို့ခဲ့ပြီးနောက် ပြန်ပို့ခံရသူများကို မြန်မာစစ်တပ်က အဓမ္မ စစ်မှုထမ်းခိုင်းမှုများရှိနေသည်ဟု Fortify Rights က ဒီဇင်ဘာ ၁၂ တွင် ထုတ်ပြန်ထားသည်။
#စစ်တမ်းဖြေဆိုသူ #ထိုင်းရောက်မြန်မာ #စစ်ကော်မရှင်ရွေးကောက်ပွဲ #သပိတ်ေေမှောက် #ThanLwinKhetNews
