![]()
ခင်သရဖီဦး
စစ်တွေတွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိနေပြီး စစ်တပ် တပ်ရင်းများသို့ လက်နက်ကြီးကျည်း ကျရောက်ကာ စစ်ကော်မရှင်တပ်မှ ဗိုလ်အဆင့်ရှိသူများ ထိခိုက်သေဆုံးမှုရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်တပ်နှင့် AA တို့ကြား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ ပြီး ယနေ့အထိ အပြန်အလှန် ပစ်ခတ်မှုများရှိနေခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကဆိုသည်။
“ဒီနေ့အထိ ပစ်ခတ်မှုတွေရှိတယ်။ စစ်ကောင်စီတပ်သားတွေ တော်တော်များများ လက်နက်ကြီးကျလို့ သေဆုံးတာတွေ၊ ထိခိုက်သွားတာတွေ ရှိတယ်။ အနည်းဆုံး ငါးယောက်အထက်ပေါ့နော်၊ သူတို့ဘက်က အရာရှိတချို့ပါသွားတယ်။ နောက်ထပ်လည်း ဒဏ်ရာရတဲ့လူတွေ များတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်တွေမြို့ရှိ စစ်ကော်မရှင်တပ်ရင်းများနှင့် ဒကစဌာနချုပ်အနီးသို့ အေအေဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၁၀ လုံးခန့် ကျရောက်ပြီး ထိုသို့ ထိခိုက်သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင်လည်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများမှာ နေ့စဉ်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်တွေဘက်ကလည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်းဘက်၊ ပေါက်တောဘက်တွေ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အရပ်သား ရွာတွေကို ရမ်းပစ်နေတာရှိတယ်။ AA ဘက်ကလည် ပြန်ပစ်တယ်” ဟုဆိုသည်။
စစ်တပ်နှင့် အာရက္ခတပ်တော်တို့မှာ ကျောက်ဖြူဘက်တွင်လည်းကောင်း၊ စစ်တွေဘက်တွင်လည်းကောင်း နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ်ကဲ့သို့ ပစ်ခတ်မှုများရှိနေသည်။


#စစ်တွေ #စစ်တပ် #အေအေ #အပြန်အလှန်ပစ်ခတ် #ThanLwinKhetNews
