![]()
နှောင်း
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ လေးဦးသေဆုံးခဲ့သည်ဟု ဝက်လက်သတင်းကွန်ရက်က ထုတ်ပြန်သည်။
ဝက်လက်မြို့၊ အရှေ့ခြမ်း ဆည်တောရွာကို ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီခွဲခန့်တွင် မိတ္ထီလာမှ တက်လာသော တိုက်လေယာဉ် တစ်စီးဖြင့် ပေါင် ၂၅၀ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
သေဆုံးခဲ့ရသူများတွင် အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးတို့ ပါဝင်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အခြားဒေသခံ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံးနှင့် မော်တော်ယာဉ် တစ်စီး မီးလောင်ပျက်စီးခဲ့ကာ အခြားယာဉ် နှစ်စီးလည်း ဗုံးစထိမှန် ပျက်စီးခဲ့သည်။

“လက်ရှိကတော့ တချို့ကတော့ တိမ်းရှောင်ထားတာရှိတယ်ဗျ။ ဆေးကုသမှုကတော့ သက်ဆိုင်ရာနေရာတွေမှာ ဆေးကုသမှုပြုလုပ်ထားတယ်ဗျ” ဟု ဝက်လက်သတင်းပြန်ကြာရေး တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ထို့အပြင် ဒီဇင်ဘာ ၁၈၊ နံနက် ၁၀:၃၀ နာရီအချိန်တွင်လည်းကျောက်မြောင်းအခြေစိုက် ခမရ (၁၂) မှ လွှတ်တင်လိုက်သော Suicide Drone နှစ်စီးဖြင့် သစ်ဆိပ်ကျေးရွာကို တိုက်ခိုက်ခဲ့ရာ ရဟန်း တစ်ပါးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဝက်လက်သတင်းကွန်ရက်က ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် ဝက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ဝက်လက် အရှေ့တောင်ခြမ်းရှိ စဉ့်ကိုင်မြောက်ရွာနှင့် နွားခြံကုန်းရွာတောင်ဘက်တွင် လှုပ်ရှား ရောက်ရှိနေသည့် အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်းသည် ယနေ့တွင် တိုက် (တပ်သာ) ရွာတောင်ဘက်ရှိ မြစ်ရေတင်စီမံကိန်း (ဆည်မြောင်း) ပေါ်သို့ စတင်ရောက်ရှိနေပြီ ဖြစ်သဖြင့် ဒေသခံများ ဂရုစိုက်နေထိုင်ကြရန် ဝက်လက်သတင်းကွန်ရက်က သတိပေးထားသည်။

#ဝက်လက် #စစ်တပ် #နှစ်ရက်ဆက် #လေကြောင်းတိုက်ခုိက် #ThanLwinKhetNews
