ဗိုလ်အယ်ဆေးဝါးစစ်ကြောင်းကို ကရင်ပြည်သူတစ်ဦးက လက်နက် ၄ လက်ထောက်ပံ့ပေး
*****************************
ဇန်နဝါရီ ၁၉ ၊ ၂၀၂၃ ။
ကော်သူးလေအာမီ Lion ကွန်မန်ဒိုဗျူဟာစစ်ကြောင်းမှူး ဗိုလ်အယ်ဆေးဝါးထံ ကရင်ပြည်သူတစ်ဦးက လက်နက် ၄ လက် ကူညီထောက်ပံ့ခဲ့သည်ဟု ယနေ့တွင် ဗိုလ်အယ်ဆေးဝါးက ဖော်ပြထားသည်။
ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion ကွန်မန်ဒိုဗျူဟာစစ်ကြောင်းအတွက် တပ်မဟာ ၇ အတွင်းရှိ ကရင်လူမျိုးအမျိုးသားတဦးက M16-A1 လက်နက် ၄ လက်ကို ပေးအပ်ခဲ့သည်။
” ငါအသက်ရှင်နေသ၍ ငါအသက်က ငါ့ရဲ့ လူမျိုးအတွက်ပဲ။ သေနက်လာလှူပေးတဲ့ဦးလေးကိုလည်း လူမျိုးအတွက် ဒီလိုစဉ်းစားပြီးလှူတဲ့အတွက်လည်းကျေးဇူးတင်တယ်။ ငါတို့ပန်းတိုင်ကရောက်ခါနီးပြီးဆိုတာလည်းယုံတယ် ” ဟု ဗိုလ်အယ်ဆေးဝါးက အလှူရှင်ထံ ကရင်ဘာသာဖြင့် သတင်းစကားပါး၍ ပြောဆိုခဲ့သည်။
အဆိုပါသေနက်တစ်လက်၏တန်ဖိုးသည် ထိုင်းငွေ ဘတ်တစ်သိန်းကျော် ( ကျပ် သိန်း၈၀ ကျော်) ရှိကြောင်းသိရပြီး စစ်ကြောင်း၌တပ်ဖွဲ့ဝင်များ တိုးလာသော်လည်း လိုအပ်နေသည့် လက်နက်များအတွက် NUG ထံမှ ထောက်ပံ့မှု မရရှိဖူးဟု ၎င်းက ပြောကြားသည်။
သို့သော်လည်း Lion ကွန်မန်ဒိုဗျူဟာစစ်ကြောင်းအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များ၏ ထောက်ပံ့မှုများဖြင့် စစ်ရေးမစ်ရှင်များကို ဆောင်ရွက်နေရသည်ဟု သိရသည်။
ဗိုလ်အယ်ဆေးဝါးဦးဆောင်သည့် Lion ကွန်မန်ဒိုဗျူဟာစစ်ကြောင်းသည် ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်း၌ KNLA၊ PDF များနှင့် ပူးပေါင်း၍ စစ်ရေးမစ်ရှင်များစွာကို ဆောင်ရွက်ထားသည်။
၂၀၂၂ ခုနှစ်တွင်ဖော်ဆောင်ခဲ့သာ ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲက ထင်ရှားခဲ့ကာ ပြီးခဲ့သောနှစ်ကုန်ပိုင်းနှင့်ယခုလအစပိုင်းတို့၌ ဘုရားသုံးဆူ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီနှင့် BGF တပ်စခန်းများကို သိမ်းပိုက်ခဲ့သည့် တိုက်ပွဲများကလည်း လူသိများခဲ့သည်။