![]()
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၂ သန်းကျော်သည် ပြင်းထန်သော ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ရနိုင်ပြီး တစ်သန်းခန့်မှာ အသက်ကယ်ဆယ်ရေးအကူအညီ လိုအပ်မည့် အရေးပေါ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည်။
ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် နေရပ်စွန့်ခွာရသူဦးရေသည် လက်ရှိ ၃.၆ သန်းရှိနေရာမှ လာမည့်နှစ်တွင် ၄ သန်းအထိ တိုးလာနိုင်ကြောင်းလည်း ကုလသမဂ္ဂ (OCHA) က ခန့်မှန်းထားသည်။
ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ အရှိန်အဟုန် မြင့်တက်လာခြင်းတို့က လက်ရှိ ရန်ပုံငွေမလုံလောက်မှု ကြုံတွေ့နေရသည့် မြန်မာ့ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု WFP က ထောက်ပြထားသည်။
WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က “ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး ရန်ပုံငွေရရှိမှု အနည်းပါးဆုံး အကျပ်အတည်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်သည် အာဟာရချို့တဲ့မှုကို ခံစားနေကြရသည်ဟု WFP ၏ အချက်အလက်များအရ သိရသည်။
WFP အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်အနက် ၁ ဒသမ ၃ သန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားရန် ရည်မှန်းထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မည်ဟု အသိပေးထားသည်။
Photo – သံလွင်ခက်
#မြန်မာပြည်သူ၁၂သန်းကျော် #အငတ်ဘေးကြုံနိုင် #WFP #ThanLwinKhetNews
