![]()
ခင်သရဖီဦး
စစ်ရေးပြင်းထန်နေသည့် ကျောက်ဖြူအတွင်း ကျေးရွာ ၃ ရွာရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ကျောက်ဖြူ မင်းရပ်၊ ကျောက်ကလေနှင့် အင်တိုင်ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများကို ဦးတည်ပြီး ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။

အသက် ၂၉ နှစ်အရွယ် ကျောက်ဖြူဒေသခံ တစ်ဦးက “နေ့လယ် နေ့ခင်း၊ ညဘက်တွေမှာပါ ဒရုန်းတွေနဲ့ ဗုံးလာချတာရှိပါတယ်။ ကျောင်းဆောင်တွေရော စာသင်ကျောင်းတွေပါ ပျက်စီးမှုရှိပါတယ်။ လူအထိအခိုက် မရှိပေမဲ့ အဆောင်တွေ တော်တော်များများပျက်သွားတယ်” ဟု ပြောသည်။
ထိုသို့ စစ်တပ် ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အင်တိုင်ကျေးရွာတွင် ဘုန်းကြီးကျောင်း ခေါင်မိုး၊ နံရံများနှင့် သံဃာဆောင်များလည်း ပျက်စီးခဲ့သည်။ ကျောက်ကလေရွာ ဘုန်းကြီးကျောင်းကိုလည်း အသေခံဒရုန်းများဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းဆောင် ပျက်စီးသွားခဲ့သည်။
ထို့အပြင် မင်းရပ်ကျေးရွာတွင်လည်း စစ်ဘေးရှောင်များ ခိုလှုံနေထိုင်နေသည့် စာသင်ကျောင်းအားလည်း ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်ဟု သိရသည်။
ကျောက်ဖြူဒေသခံကပဲ “မင်းရပ်ရွာမှာက စစ်ဘေးရှောင်တွေ နေတဲ့ စာသင်ကျောင်းတွေကို ဒရုန်းနဲ့ လာပစ်တာရှိတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ မထိဘူးပေါ့လေ။ ကျောင်းနံရံတွေ ခေါင်မိုးတွေ ပြိုပျက်သွားတာ ရှိတယ်” ဟု ဆိုသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်တွင်လည်း ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ကျေးရွာနှင့်အောက်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဒေသခံ ပြည်သူ ရှစ်ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်ဖြူတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်တပ်ဘက်မှ လေကြောင်း၊ ရေကြောင်းများဖြင့် အင်းအား အဆက်မပြတ် ဖြည့်တင်းမှုများရှိနေသည်ဟုလည်း သိရသည်။
#စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်း #ဗုံးကြဲ #ကျောက်ဖြူ #ThanLwinKhetNews
