![]()
အက်သားရီ
ရခိုင်တွင် အရပ်သားပြည်သူ ၄၂ ဦးအထိ သေဆုံးစေခဲ့သော အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုအပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တောင်းဆိုလိုက်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်ပင် မြောက်ဦးဆေးရုံကို ညအချိန် ဗုံးကြဲတိုက်ခိုက်ခြင်းသည် အာရက္ခပြည်တွင်သာမက လက်ရှိမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် “မည်သည့် လူ့အခွင့်အရေးဟူသမျှ မရှိတော့ကြောင်း” သက်သေပြနေခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ဖြင့် ဖော်ပြထားသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုမြတ်လင်းထွန်းက “ပြည်နယ်အတွင်း၊ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းတွေကတော့ နိုင်ငံတကာမီဒီယာတွေကိုရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုရော၊ နိုင်ငံတကာသံရုံးတွေ အကုန်လုံး ဒီအရေးနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုထားတာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ဒီဟာတွေက သူတို့ရဲ့ မျက်ကွက်ပြုမှု ပေးထားတာလို့ ပြောရမလား၊ မထိရောက်မှုလို့ ပြောရမလားပဲ၊ အမြဲတိုင်းပဲ ကျွန်တော်တို့ လှုပ်ရှားတာတွေ တင်ပြတာတွေက မျက်ကွက်ပြုမှုတွေကိုပဲ ခံနေရတယ်” ဟု ပြောသည်။
စစ်ကော်မရှင်လေတပ်က ဒီဇင်ဘာ ၁၀ ရက်ညက မြောက်ဦး ပြည်သူ့ဆေးရံကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံတွင် တက်ရောက်ကုသနေသည့် မွေးကင်းစ ကလေးငယ်များ။ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ ၃၄ ဦး သေဆုံးခဲ့ပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ရေးပစ်မှတ် မဟုတ်သည့် ဆေးရုံကို ထိုသို့ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု မြောက်သည်ဆိုသည့် ဝေဖန်ချက်များလည်း ရှိနေသည်။
ကိုမြတ်လင်းထွန်းက “ဒီလို စစ်ရာဇဝတ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်တွေဟာ နိုင်ငံတကာပြဌာန်းထားပြီးသားဖြစ်ပြီးတော့ ဒီဟာတွေက လက်တွေ့မှာ သေသေချာချာနဲ့ ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအရေးမှာ အာရုံစိုက်ပေးစေချင်ပါတယ်” ဟု နိုင်ငံတကာအဖွဲ့အစည်းများသို့ ထပ်မံ တိုက်တွန်းထားသည်။
စစ်ကော်မရှင်တပ်က ရခိုင်ပြည်ကို နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိပြီး အရပ်သား သေဆုံးမှုများလည်း ရှိနေသည်။
#ရခိုင် #စစ်တပ်#ဆက်တိုက်ဗုံးကြဲနေမှု #နိုင်ငံတကာအရေးယူပေးရန် #တောင်းဆို #ThanLwinKhetNews
