![]()
မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက စစ်ကော်မရှင်နှင့် ပူးပေါင်း၍ အတင်းအကြပ် ပြန်ပို့ခဲ့ပြီးနောက် မြန်မာစစ်တပ်၏ အဓမ္မ စစ်မှုထမ်းခိုင်းမှုများရှိနေသည်ဟု Fortify Rights က ယမန်နေ့က ထုတ်ပြန်သည်။
၂၀၂၄ ဖေဖော်ဝါရီလမှစ၍ ၂၀၂၅ နိုဝင်ဘာလအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများသည် မြန်မာအလုပ်သမား သံအရာရှိများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံသား ၃၅၀၀ ကျော်ကို ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် အတင်းအကြပ်ပြန်ပို့ခဲ့သည်ဟု Fortify Rights အဖွဲ့က အစီရင်ခံစာတွင် ဖော်ပြသည်။
“မြန်မာ အလုပ်သမားရေးရာသံမှူးရဲ့ တိကျတဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာတော့ ကျွန်တော် သေချာ မသိဘူး။ ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၅၄ ရဲ့ အာဏာအောက်မှာ ပြည်နှင်ဒဏ်ပေးတာ။ ပြည်နှင်ဒဏ်ပေးပြီးရင် သူတို့ကို ဘယ်ကိုပို့တယ်ဆိုတာလည်း ကျွန်တော် မသိဘူး။ အဲဒါက မြန်မာဘက်ကိစ္စ။ ပြည်နှင်ဒဏ်ပေးတာ ပြီးတာနဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ တာဝန်က ပြီးဆုံးသွားပြီ” ဟု ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ဒုတိယကြီးကြပ်ရေးမှူးက Fortify Rights ကို မှတ်ချက်ပေးထားသည်။
ပြန်ပို့ခံရသူများကို စစ်ကော်မရှင်က စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခဲ့မှုများရှိပြီး အချို့အခြေအနေများတွင် သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ စစ်မှုထမ်းခိုင်းမှုများရှိနေသည်ဟု Fortify Rights ၏ တွေ့ရှိချက်များအရ သိရသည်။
ထို့အပြင် နယ်စပ်နှစ်ဖက်စလုံးရှိ အရာရှိများနှင့် ပွဲစားများက ပြန်ပို့ခံရသူများထံမှ ထိုင်းဘတ်ငွေ ထောင်ပေါင်းများစွာ ငွေညှစ်မှုများရှိသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများရှိသော်လည်း ၎င်းတို့၏ “နိုင်ငံတော်စိစစ်ရေး ယန္တရား” (National Screening Mechanism) သည် ရွှေ့ပြောင်းအလုပ်သမားအဆင့်အတန်းရှိသော မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးမှုမှ ဖယ်ထုတ်ထားဆဲဖြစ်ကြောင်း Fortify Rights က ထောက်ပြထားသည်။
Fortify Rights အဖွဲ့၏ အမှုဆောင်အရာရှိချုပ် မက်သရူးစမစ်က ထိုင်းအစိုးရသည် စစ်ကောင်စီနှင့် တရားမဝင် ပူးပေါင်းဆောင်ရွက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် မြန်မာနိုင်ငံသားများအား နှိပ်စက်ညှဉ်းပန်းမှုနှင့် စစ်မှုထမ်းခိုင်းစေမှုများမှ ကာကွယ်ရန် ထိရောက်သော ယန္တရားတစ်ခု ချက်ချင်း ထူထောင်ရန် တောင်းဆိုထားသည်။
#ထိုင်းမြန်မာနယ်စပ် #ပြန်ပို့ခံရသည့်မြန်မာများ #စစ်မှုထမ်းစုဆောင်းခံရ #ThanLwinKhetNews
