![]()


ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း စစ်တပ်က ဒီဇင်ဘာလ ၈ ရက်နှင့် ၁၀ ရက်နေ့များတွင် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး သက်တော် ၇၈ နှစ်ရှိ ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့သည်ဟု KNU က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၈ ရက်တွင် စစ်ကောင်စီသည် နတ်သံကွင်းမှနေ၍ ဒရုန်းဖြင့် ကျောက်စရစ်အရှေ့ဘက်ကမ်းကျေးရွာအတွင်းရှိ ဆေးပေးခန်းပေါ်သို့ နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် ဆေးပေးခန်းတစ်ခုလုံး ပျက်စီးခဲ့သည်။

ထို့အပြင် အဆိုပါနေ့တွင်ပင် စက်တပ်လေထီး (ပါရာမော်တာ) ဖြင့် ကျောက်စရစ်အနောက်ဘက်ကမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ ထပ်မံပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်း နှစ် ကျောင်းပျက်စီးခဲ့ပြီး၊ သက်တော် ၇၈ နှစ်ရှိ ဦးဇင်းဦးစန္ဒိမာ ထိမှန် ပျံလွန်တော်မူခဲ့ရသည်။
တိုက်ခိုက်မှုကြောင့် အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးလည်း ထိမှန်သေဆုံးခဲ့ကာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအန်ယူက ဖော်ပြသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်း၌ လယ်ဒိုမြို့နယ်၊ လိန်ပင်ကျေးရွာအတွင်းသို့ စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံးသီးတစ်လုံး လာရောက်ကြဲချခဲ့ရာ အသက် ၄၆ နှစ်အရွယ်ရှိ ကရင်အမျိုးသား တစ်ဦး သေဆုံးခဲ့ရသည်။

ထို့အပြင် အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် သုံးလုံး၊ သိန်း ၆၀ တန်ဖိုးရှိ ကုန်စုံဆိုင် တစ်ဆိုင်၊ နွား ခြောက်ကောင်နှင့် ရွှေကျွဲလက်တွန်းထွန်စက် နှစ်စီးတို့လည်း ထိမှန်ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုနေ့မှာပင် နတ်သံကွင်းအထိုင်တပ်မှ လက်နက်ကြီး ၁၂၀ မမ သုံးလုံးဖြင့် ရွှေခဲစုကျေးရွာသို့ ပစ်ခတ်ခဲ့ရာ အသက် ၄၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် နှစ်လုံး၊ နွား တစ်ကောင်၊ နွားတဲနှင့် ထော်လာဂျီတို့ ထိမှန်ပျက်စီးခဲ့ရသည်။
ထိုသို့ စစ်အုပ်စု၏ လုပ်ရပ်များကြောင့် အပြစ်မဲ့အရပ်သားများသည် အသက်၊ နေအိမ်နှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးပျက်စီးခြင်းများအပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရမှုများ ကြုံတွေ့နေရသည်ဟု KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#စစ်တပ်တိုက်ခိုက်မှု #အရပ်သားသေဆုံး #ဦးဇင်းတစ်ပါးပျံလွန် #ThanLwinKhetNews
