![]()
အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ကို ဆန့်ကျင်နေသူများအနေဖြင့် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ပြောဆိုခဲ့ပြီး မြေပြင်၌ ဆေးရုံနှင့် စာသင်ကျောင်းများအပါအဝင် အရပ်ဘက်ပစ်မှတ်များကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ဒီဇင်ဘာ ၁၂ ရက်က မှော်ဘီမြို့၊ အမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲမိန့်ခွန်းတွင် စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA လမ်းကြောင်းပေါ်မရောက်လာဘဲ ကတိကဝတ်ချိုးဖောက်သည်ဟု စွပ်စွဲပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အချိန်တန်ပြီဟု ပြောဆိုခဲ့သည်။
သို့သော် ၎င်း၏ လက်အောက်ခံ လေတပ်သည် ဒီဇင်ဘာ ၅ ရက်မှ ၁၂ ရက်အထိ တစ်ပတ်တာကာလအတွင်း နိုင်ငံတစ်ဝန်း အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ အရပ်သား ၇၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
စစ်ခေါင်းဆောင်ပြောဆိုနေသည့် “အကြမ်းဖက်လမ်းစဉ် စွန့်လွှတ်ရန်” ဆိုသည့် ကာလတိုအတွင်းမှာပင် ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လူ့အခွင့်အရေးနေ့ည၌ ဗုံးကြဲခဲ့ရာ လူနာ၊ စေတနာ့ဝန်ထမ်းနှင့် ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရသည်။
၎င်းအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက
“ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက်အပြုံလိုက် လူသတ်တဲ့ သဘောမျိုးဖြစ်နေတာကို တွေ့ရပါတယ်။ အင်မတန်လည်း ဝမ်းနည်းရပါတယ်။ ဖြစ်စဉ်ကို ပြန်ကြည့်တော့ အဲ့ဒီနေ့က ၇၇ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ လည်းဖြစ်တယ်။ ပြီးတော့လည်း တကမ္ဘာလုံးက သိသမျှ လူ့အခွင့်အရေးအပေါ်မှာ အလေးအနက်ထားတဲ့နေ့ထဲမှာ သေချာရွေးပြီးမှ လူမျိုးတုံး သတ်ခံရတယ်”ဟု ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၁၁ ရက်တွင် ကျောက်ဖြူမြို့နယ် ငလုံးစုရွာကို ထပ်မံဗုံးကြဲသဖြင့် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်ညတွင် ပုဏ္ဏားကျွန်းနှင့် ပေါက်တောဘက်ကို လူအများအပြားသေစေနိုင်သည့် Cluster ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင်လည်း ဒီဇင်ဘာ ၅ ရက်က ဘောလုံးပွဲကြည့်နေသော ပြည်သူများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှင့် ကျောင်းဆရာအပါအဝင် လူ ၂၀ ဦး သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
အလားတူ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်တွင်လည်း ဒီဇင်ဘာ ၆ ရက်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ရသည်။
သံလွင်ခက်မှ စောင့်ကြည့်စုစည်းထားသော စာရင်းများအရ တစ်ပတ်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၇၈ ဦး သေဆုံးခဲ့ပြီး ၁၁၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သည့် တစ်ပတ်တာ (ဒီဇင်ဘာ ၅ မှ ၁၂ ရက်) အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို နေ့စွဲအလိုက် အောက်ပါအတိုင်းတွေ့ရှိရသည်။
• ဒီဇင်ဘာ ၁၀: မြောက်ဦးဆေးရုံကြီး ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၃၄ ဦးနှင့် ဒဏ်ရာရသူ ၇၅ ဦး ရှိခဲ့သည်။
• ဒီဇင်ဘာ ၁၁: ကျောက်ဖြူမြို့နယ်၊ ငလုံးစုရွာ ဗုံးကြဲခံရမှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့သည်။
• ဒီဇင်ဘာ ၄: ခင်ဦးမြို့နယ်၊ ငါးတင်းကြီးရွာတွင် ၁ ဦး သေဆုံးပြီး၊ ကနီမြို့နယ်တွင် ၂ ဦး သေဆုံးခဲ့သည်။
• ဒီဇင်ဘာ ၅: ဒီပဲယင်းမြို့နယ် ဘောလုံးပွဲကြည့်နေစဉ် ဗုံးကြဲခံရမှုကြောင့် ၂၀ ဦး သေဆုံးခဲ့ပြီး၊ ရွှေဘိုမြို့နယ် သစ်ချိုပင်ရွာတွင် မိသားစုလိုက် ၃ ဦး သေဆုံးခဲ့သည်။
• ဒီဇင်ဘာ ၇: ဗန်းမောက်မြို့နယ်၊ သုံးမြေဆုံတွင် ၁ ဦး သေဆုံးခဲ့သည်။
• ဒီဇင်ဘာ ၆: မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာတွင် ဗုံးကြဲခံရမှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။
• ဒီဇင်ဘာ ၈: ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိသားစုဝင် ၃ ဦး သေဆုံးခဲ့ပြီး၊ ပဲခူးတိုင်း ကျောက်စရစ်ရွာတွင် ဘုန်းကြီးနှင့် အဘွားအို ၂ ဦး သေဆုံးခဲ့သည်။
• ဒီဇင်ဘာ ၁၀: ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ထိုပွားစိုး (လိမ်ပင်) ကျေးရွာကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၄၆) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် (၄) လုံး ပျက်စီးခဲ့သည်။
• ဒီဇင်ဘာ ၁၀: ဖလူးလေးကျေးရွာရှိ စေတီတစ်ဆူ ဗုံးကြဲခံရကာ ပျက်စီးခဲ့သည်။
• ဒီဇင်ဘာ ၅: ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ လဲခုံကြီးဘုန်းကြီးကျောင်း ဗုံးကြဲခံရကာ ပျက်စီးခဲ့သည်။
စစ်ခေါင်းဆောင်က ၎င်းတို့ကို ဆန့်ကျင်သူများကို “အကြမ်းဖက်သမား” ဟု စွပ်စွဲကာ ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ရန် ဖိအားပေးနေသော်လည်း လက်တွေ့တွင် ဆေးရုံ၊ စာသင်ကျောင်းနှင့် လက်ဖက်ရည်ဆိုင်များကဲ့သို့သော နေရာများကို တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုမြောက်သော အကြမ်းဖက်လုပ်ရပ်များသာ ဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက သုံးသပ်လျက်ရှိသည်။

မြောက်ဦးဒေသခံ လူငယ်တစ်ဦးက
“ကမ္ဘာ့ အမွေအနှစ်မြို့လေးရဲ့ ဖြစ်စဥ်ကို နိုင်ငံတကာအနေနဲ့ကတော့ လျစ်လျူမရှုထားစေချင်ဘူး။ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်စေချင်တယ်”ဟု ဆိုသည်။
ကမ္ဘာတစ်ဝန်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ညပိုင်းတွင် ပြည်သူ့ဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများသေဆုံးစေခဲ့သော လုပ်ရပ်သည် အာရက္ခဒေသအတွင်း စစ်ကောင်စီကျူးလွန်သည့် “အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုကြီး” ဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဒီဇင်ဘာ ၁၁ ညပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။
ပုံစာ – မြောက်ဦးဆေးရုံဗုံးကြဲခံရမှု ထိခိုက်၊ သေဆုံး၊ ပျက်စီးမှုများ
ဓါတ်ပုံ – ခင်သရဖီဦး(သံလွင်ခက်)

