ရေးမြို့နှင့် ၂ မိုင်အကွာ ကျုံလောင်းရွာကို ရေးဘီလူးအဖွဲ့ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးပြုလုပ်
*******************************
ဇန်နဝါရီ ၁၉ ၊ ၂၀၂၃ ။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျုံလောင်းရွာဟောင်းကို ထိန်းချုပ်ထားပြီး ယနေ့နံနက်ပိုင်း၌ နယ်မြေရှင်းလင်းရေးများ စတင်ပြုလုပ်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကို ပြောသည်။
ရေးမြို့နှင့် ၂မိုင်ခန့်ဝေးသည့် ကျုံလောင်းကျေးရွာဟောင်းကို ရေးဘီလူးအဖွဲ့က ယခုလ ၇ ရက်တွင်စတင်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှူးများ လုံးဝမရှိတော့ဟု ရေဘီးလူးအဖွဲ့ကဖော်ပြထားသည်။
” ထိန်းချုပ်နယ်မြေထဲကို ကျွန်တော်တို့ ယူနီဖောင်း၊ ဘတ်တံဆိပ်တွေနဲ့ ဝင်ပြီးတော့ နယ်မြေ ရှင်းလင်းတယ်။ နောက်ပြီးတော့ သူတို့အသိအမှတ်ပြုထားတဲ့ ရုံးတွေကို စစ်ဆေးရေးပြုလုပ်တယ်။ ပြီးတော့ သူတို့ကတစ်ခါတစ်လေ လျှပ်တပြတ်ဝင်လာပြီး အုပ်ချုပ်ရေးမှူးရုံးကိုဝိုင်းတယ်။ အသေအချာနယ်မြေ ရှင်းလင်းတယ် ” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ယနေ့နံနက်ပိုင်း၌ နယ်မြေရှင်းလင်းပြုလုပ်သည့် အခြေအနေကို ပြောသည်။
ကျုံလောင်းရွာဟောင်းအတွင်း၌ နယ်မြေရှင်းလင်းရေးပြုလုပ်ရန်လာသော ရေးဘီလူးအဖွဲ့သားများသည် ဒေသခံပြည်သူများနှင့်လည်း တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် ကျုံလောင်းရွာဟောင်းအတွင်းသို့ ဝင်ထွက်သွားလာနိုင်သည့် လမ်းကြောင်းများရှိ စစ်ကောင်စီဒေါက်တိုင်များကိုလည်းရှင်းလင်းပြီး စစ်ကောင်စီယန္တယား လုံးဝရပ်တန့်သွားအောင် ဆောင်ရွက်မည်ဖြစ်သည်။
” နယ်မြေကို ကျွန်တော်တို့ အသေအချာ စည်းစနစ်တကျသွားကြမှာပေါ့နော် ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။
ရေးဘီလူးအဖွဲ့သည် အခုလအတွင်း၌ ကျုံလောင်းရွာဟောင်းကို ထိန်ချုပ်နိုင်ခဲ့သည့်အပြင် မိုင်တဲလ်တာဝါတိုင်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ကောင်စီ ကျောင်းများ လုံးဝပိတ်သိမ်းရန် ဆောင်ရွက်နိုင်ခဲ့သည်။