ရွှေဆိုင်များတွင် တုတ်၊ ဓား ဆောင်ရန် ပန်းဘဲတန်းရဲမှူး တိုက်တွန်း
****************
ဇန်နဝါရီ ၁၉၊ ၂၀၂၃။
ရန်ကုန်မြို့က ရွှေဆိုင်များတွင် လုံခြုံရေးအတွက် CCTV များတပ်ဆင်ထားသလို တုတ်၊ ဓား များ ဆောင်ထားကြရန် ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးဇော်မင်းဦးက တိုက်တွန်း ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ရဲမှူးဇော်မင်းဦးက “ ခုခံပိုင်ခွင့်ရှိပါတယ်၊ ကိုယ့်ပစ္စည်း ဆုံးရှုံးမှုမရှိအောင် ပုဒ်မ ၁၀၃ အရ ပြန်လည် တုန့်ပြန်နိုင်ပါတယ် ” ဟု ပြောသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) နှင့်တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါပြောဆိုချက်ကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင်လည်း ပြန်လည်ဖော်ပြထားသည်။
ယင်းပြောဆိုချက်သည် စစ်ကောင်စီက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိန်းချုပ်နိုင်ခြင်းမရှိခြင်းကို ပြသရာရောက်သည်ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။
“ ဘယ်သူပဲလုပ်လုပ် သူတို့(စစ်ကောင်စီ တပ်ဖွဲ့ဝင်များ) အပြည့်အဝ မထိန်းချုပ်နိုင်ဘူးဆိုတာကို သက်သေပြတာပဲ။တိုင်းပြည်က မငြိမ်းချမ်း ၊စီးပွားရေးက ကျလာတော့ ခိုး၊ ဆိုး၊ လုနှိုက်တွေကလည်း ပေါလာတာ အဆန်းတော့ မဟုတ်ပါဘူး ” ဟု၎င်းက ပြောသည်။
ရွှေဆိုင်များ လုံခြုံရေးဆွေးနွေးပွဲကို ရွှေဆိုင်လုပ်ငန်းရှင် (၅၀) ကျော် တက်ရောက်ခဲ့သလို စစ်ကောင်စီ စီမံအုပ်ချုပ်ရေး ကောင်စီဝင်များလည်း တက်ရောက်ခဲ့သည်။
အာဏာသိမ်းပြီးနောက် ရန်ကုန်အပါအဝင် မန္တလေးနှင့် မြို့ကြီး အချို့တွင် မကြာခဏ ရွှေဆိုင် ဓားပြတိုက်ခံရမှု ဖြစ်စဉ်များ ရှိနေသည်။
Photo – ပန်းဘဲတန်းရဲမှူးဇော်မင်းဦး(YEGA)