![]()
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ည၌ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်အုပ်စုသည် နောက်တစ်ရက် (ဒီဇင်ဘာ ၁၁) တွင် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာအား လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၁ ရက် ညဦးပိုင်း ၇ နာရီ ၃၄ မိနစ်အချိန်တွင် အာဏာသိမ်းစစ်အုပ်စု၏ ဂျက်တိုက်လေယာဉ်တစ်စီးသည် ငလုံးစု အထက်ရွာနှင့် အောက်ရွာအတွင်းသို့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ငလုံးစု အထက်ရွာနှင့် အောက်ရွာမှ ဒေသခံပြည်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၈) ဦး သေဆုံးခဲ့ပြီး (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
“မြောက်ဦးဆေးရုံအား ဗုံးကြဲသည့်နည်းတူ အရပ်သားပြည်သူအပေါ် ကြဲချတိုက်ခိုက်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုကို ထပ်မံကျူးလွန်ခဲ့သည်” ဟု AAက ပြောဆိုထားသည်။
ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးနေ့ကျင်းပနေသည့် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးအား စစ်အုပ်စုက ပေါင် ၅၀၀ဗုံးကြဲခံရမှုဖြစ်စဉ်တွင် ဆေးကုသမှုခံယူနေသော လူနာများနှင့် စေတနာ့ဝန်ထမ်း ၃၀ ကျော် သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
#ကျောက်ဖြူ #စစ်တပ် #ဗုံးကြဲ #ThanLwinKhetNews
