![]()
ကမ္ဘာတစ်ဝန်းလုံးက လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို တန်ဖိုးထားလေးစားကြသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ (၇၇) ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်မူ ထိုညသည် ငရဲခန်းတစ်ခုသဖွယ် ကြုံတွေ့ခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်တွင် စစ်အုပ်စု၏ ဂျက်ဖိုက်တာလေယာဉ်တစ်စီးသည် မြောက်ဦးပြည်သူ့ဆေးရုံကြီးပေါ်သို့ ရောက်လာသည်။ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဆေးရုံ၏ အလယ်တည့်တည့် သားဖွားဆောင်၊ ခွဲစိတ်ဆောင်များပေါ်နှင့် အဆောက်အဦးအနီးသို့ ကြဲချခဲ့သည်။
၎င်းဗုံးနှစ်လုံးကြောင့် ဆေးကုသမှုခံယူနေသော လူနာများနှင့် ဝန်ထမ်း ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ နောက်ထပ် ဒဏ်ရာပြင်းထန်သူတစ်ဦး ထပ်မံသေဆုံးသဖြင့် လက်ရှိအချိန်တွင် သေဆုံးသူ ၃၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ ဒဏ်ရာရရှိသူ ၇၆ ဦးရှိပြီး ထိုအထဲမှ ၂၇ ဦးမှာ ဒဏ်ရာပြင်းထန်သည်။

မိသားစုလိုက် ကြွေလွင့်ခဲ့ရသူများ သေဆုံးသူများထဲတွင် ၃ လသားအရွယ် မိန်းကလေးငယ်တစ်ဦး၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည်။ အထူးသဖြင့် ပေါက်တောမြို့နယ်၊ ဆင်တက်မော်ရွာမှ လာရောက်ဆေးကုသသော မူဆလင်မိသားစုဝင် ၄ ဦးလုံး သေဆုံးခဲ့ရသည်။ အဘိုး၊ အဘွား၊ ချွေးမနှင့် ၃ လသားအရွယ် မြေးငယ်တို့ဖြစ်သည်။
အခင်းဖြစ်ပွားရာ ဆေးရုံဝင်းအတွင်းတွင် မိသားစုဝင်များကို လိုက်လံရှာဖွေနေသူများ၏ ငိုကြွေးသံများဖြင့် ပြည့်နှက်နေသည်။
ယခင်က သံတွဲမြို့တွင် သားတစ်ဦး ဆုံးရှုံးခဲ့ရပြီး ယခု မြောက်ဦးတွင် မိခင်နှင့် မောင်ဖြစ်သူကို ထပ်မံဆုံးရှုံးလိုက်ရသည့် အမျိုးသမီးတစ်ဦးက ရုပ်အလောင်းများကြားတွင် ငိုကြွေးနေ၏။
“ရင်ထဲမှာအလုံးဆို့တက်ပါတယ်။ ကြည့်လဲမကြည့်ရဲဘူး သံတွဲမှာတုန်းက ဗုံးကျပြီးတော့ ဘောလုံးကန်ဖို့သွားတဲ့ ၈ နှစ်သားလေးတယောက်သေသွားတယ်။ ခေါင်းတွေပွင့်ထွက်ပြီးတော့ လက်တွေလဲပြတ်သွားတယ်။ သားလေးတယောက်သေပြီးတော့ကျွန်မတို့ဒီဖက်ကိုပြေးလာတာပါ။ အခုသေသွားတဲ့ထဲမှာ အလောင်းကြေသွားတာတွေ ပွင့်ထွက်သွားတာတွေ တစစီဖြစ်သွားတာတွေရှိတယ်။ အဲ့ဒီလိုတွေ ထပ်မဖြစ်ကြပါစေနဲ့လို့ ကျွန်မ ဆုတောင်း နေပါတယ်”ဟု ၎င်းက ပြောသည်။

ကူညီသူများပါ ပျောက်ဆုံးနေ ဆေးရုံသို့ လူနာလာရောက်စောင့်ရှောက်ရင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ပျောက်ဆုံးနေသူများလည်း ရှိသည်။ ဒေသခံအမျိုးသားတစ်ဦး၏ မိခင်ဖြစ်သူသည် မျက်လုံးခွဲစိတ်ရန် ဆေးရုံရောက်ရှိနေချိန်တွင် သွေးလိုအပ်ပါက လှူဒါန်းနိုင်ရန် တူဖြစ်သူ လူငယ်နှစ်ဦးပါ လိုက်ပါသွားခဲ့သည်။ လက်ရှိတွင် ထိုလူငယ်များလည်း ပျောက်ဆုံးနေသည်။

” မျက်လုံးနေမကောင်းလို့ မျက်လုံးခွဲဖို့ဆိုပြီးတော့သွားတယ်။ တကယ်လို့သွေးလိုအပ်ချက်ရှိရင် သူ့ခဲအို၊ မတ်ရဲ့ သားတွေကိုပါ ခေါ်ယူတယ်။ တကယ်လို့သွေးလိုအပ်ချက်ရှိရင် အဲ့ကလေးနှစ်ယောက်ကဖောက်ပေးတယ်။ အခုကနေပြီး သူတို့မှာ တယောက်မှ ရှာမရဘူး။ ဆေးကုပေးနေတဲ့နေရာတွေမှာလည်း လိုက်လို့ရှာနေပါတယ်” မိသားစုဝင်တစ်ဦးက ပြောသည်။
ယင်းသို့ လူနာစောင့်များသေဆုံးခဲ့ရသည့်အပြင် ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လာရောက်ကူညီနေကြသော စေတနာ့ဝန်ထမ်းများပါ သေဆုံးခဲ့ရသည်။ လုံခြုံရေးအဖြစ်ကူညီပေးနေသော မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)မှ စေတနာဝန်ထမ်း လူငယ် ၄ဦးပါ သေဆုံးခဲ့ရသည်ဟု ၎င်းအဖွဲ့မှပြောဆိုထားသည်။
အမှောင်ထဲက ကယ်ဆယ်ရေး ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက ချက်ချင်းလုပ်ဆောင်ခဲ့ကြသည်။ သို့သော် စစ်ကောင်စီလေယာဉ်များ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် မီးမထွန်းရဲဘဲ အမှောင်ထဲတွင် စမ်းတဝါးဝါး ကယ်ထုတ်ခဲ့ကြရသည်။
မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် စာရေးဆရာ ကိုဝေဟင်အောင်က ထိုညက အခြေအနေကို ပြန်လည်ပြောပြသည်။ ” မီးတွေ အကုန်လုံး ပိတ်ပြီးတော့ မှောင်မှောင်စမ်းစမ်း ပြေးကြတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ဟာကတော့ ပိုဆိုးတယ်ဗျ။ အလဲလဲ အကွဲကွဲတွေ ဖြစ်တာပေါ့။ဖုန်းမီးတွေနဲ့ ကယ်ဆယ်ရေးလုပ်ခဲ့ရတာရှိတယ်”ဟု ၎င်းက ပြောသည်။
အဆိုးရွားဆုံး စစ်ရာဇဝတ်မှု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ထုတ်ပြန်ချက်အရ ဤတိုက်ခိုက်မှုသည် ဒေသတွင်း၌ “အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှု” ဖြစ်သည်ဟု ဒီဇင်ဘာ ၁၁ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ စစ်အုပ်စု၏ ၂ နှစ်တာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၁၅၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ စစ်မျက်နှာတိုင်းတွင် ရှုံးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သုံးသပ်သည်။
“အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီဟာ စစ်မြေပြင်မှာ သူတို့ဘက်က ဒီ အထိအခိုက်အကျအဆုံးတွေ များလာပြီဆိုလို့ရှိရင် အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာကတော့ ဒါ သူတို့ရဲ့ နည်းဗျူဟာတစ်ခုလို့လည်း ပြောလို့ရတာပေါ့။ စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေ နေတဲ့နေရာတွေကို ဦးတည်ပစ်မှတ်ထားပြီးတော့မှ သရဲဘောကြောင်စွာနဲ့ ဒီစစ်သားမဆန်ပေါ့နော်။ ဒါ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်ပါတယ်။”
ဆေးရုံများသည် စစ်ပွဲကာလအတွင်း၌ပင် တိုက်ခိုက်ခြင်းမပြုရသည့် နေရာများဖြစ်သည်။ သို့သော် မြောက်ဦးဆေးရုံကြီး၏ ပျက်စီးသွားသော အဆောင်များနှင့် အပြစ်မဲ့ပြည်သူများ၏ သွေးစက်များက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို သက်သေပြခဲ့သည်။
ကျန်းမာစွာနဲ့ အိမ်ပြန်မလာနိုင်တော့ပါ စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပိတ်ဆို့မှုများကြားတွင် ရခိုင်ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေမျိုးတွင် မြောက်ဦးပြည်သူ့ဆေးရုံကြီးသည် ဒေသခံလူထုအတွက် အားကိုးစရာ ကောက်ရိုးတစ်မျှင်သဖွယ် ဖြစ်ခဲ့သည်။ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များမှ ဒေသခံများသည် ကျန်းမာရေးချို့တဲ့မှုအတွက် ဤဆေးရုံကိုသာ အဓိကအားထားခဲ့ရသည်။

သို့သော် ရောဂါဝေဒနာပျောက်ကင်းရန် သွားရောက်ကုသကြသည့် လူနာများနှင့် လူနာစောင့်မိသားစုဝင်များသည် လူ့အခွင့်အရေးနေ့ညတွင် စစ်ကောင်စီ၏ ရက်စက်သော ဗုံးဒဏ်ကို ခံခဲ့ကြရသည်။ မိသားစုကမျှော်လင့်နေသော ကျန်းမာရေးကောင်းမွန်သူများအစား အသက်မဲ့နေသော ရုပ်အလောင်းများအဖြစ်ဖြင့်သာ အိမ်ပြန်ရောက်လာခဲ့ကြရသည်။
အချို့ဆိုလျှင် မိသားစုလိုက် သေဆုံးခဲ့ရသည့်အတွက် ဆွေမျိုးတော်စပ်သူက ရုပ်အလောင်းလာရောက်ထုတ်ယူခဲ့ရသည်။ ဗုံးဒဏ်ကြောင့် တစ်စစီဖြစ်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကြားတွင် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်တော့သည့် အဖြစ်ဆိုးများနှင့်ပါ မြောက်ဦးလူထုကြုံတွေ့ခဲ့ရသည်။

ဓါတ်ပုံ – ခင်သရဖီဦး(သံလွင်ခက်)
