![]()
သျှင်မြတ်ဖြူယမန်နေ့(ဒီဇင်ဘာ ၁၀)ရက်တွင်ကျရောက်သော ၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အနေဖြင့် Who Moves My Life? ဓါတ်ပုံပြပွဲကို မဲဆောက်မြို့တွင် ဖွင့်လှစ်ခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သော အဆိုပါ ပြပွဲကို ဘော်ဒါလိုင်း ပန်းချီခန်းမတွင် နံနက် ၉ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဟု ဦးဆောင်စီစဉ်သူများက ပြောဆိုသည်။
” ပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ဒီနေ့လူ့အခွင့်အရေးနေ့ဖြစ်တယ်။ အဲဒီလို လူ့အခွင့်အရေးဆုံးရှုံးနေသူတွေ၊ ချိူးဖောက်ခံနေရတဲ့သူတွေရဲ့ ပုံရိပ်တွေကို ကမ္ဘာကရော မြန်မာကပါ သိအောင်လို့ပြပွဲလုပ်တဲ့သဘောဖြစ်ပါတယ်”ဟု သံလွင်ခက်၏ အကြံပေးအဖြစ်လုပ်ဆောင်နေသူ ဒေါ်စုမြတ်က ပြောသည်။
အဆိုပါပြပွဲသည် ပြည်သူများ ကြုံတွေ့နေရသော လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းများ၊ ကျားဖြန့်သားကောင်များ၊ စစ်ဘေးရှောင်အခြေအနေများနှင့် မြန်မာနိုင်ငံတွင်းရှိ ဘိန်းစိုက်တောင်သူတို့၏ ပုံရိပ်များကို ပြသထားသည်။


ပြပွဲတွင်ဖော်ပြထားသော ကဏ္ဍတစ်ခုတွင် တိုင်းရင်းသားနယ်မြေအချို့၌ ဖြစ်ပေါ်နေဆဲဖြစ်သော ဘိန်းစိုက်ပျိုးရေးနှင့် ၎င်း၏ နောက်ဆက်တွဲအခြေအနေမှတ်တမ်းများကို ပြသထားသည်။
“ဒီပြပွဲတွေကအများကြီး အကျိုးကျေးဇူးရှိပါတယ်။ တကယ်လဲ ဒီထက်ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီမှာပြထားတဲ့ပုံတွေက အင်တာနက်ပေါ်ကယူထားတဲ့ပုံတွေမဟုတ်ဘူး။ ဒီကဓာတ်ပုံဆရာတွေက တကယ့်မြေပြင်ကိုရောက်အောင်သွားပြီးတော့ သူတို့ကိုယ်တိုင်မှတ်တမ်းတင်ထားတဲ့အရာတွေဖြစ်တယ်။ အဲ့တော့ သိချင်တာတွေကိုလည်း မေးလို့ရတယ်။ ဒီအတွက်အများကြီးကောင်းပါတယ်” ဟု ပြပွဲသို့ လာရောက်ကြည့်ရှုခဲ့သော ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။
သံလွင်ခက်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း “မြေမဲ့ပန်း”အမည်ဖြင့် စစ်ဘေးရှောင်အမျိုးသမီးနှင့် ကလေးငယ်တို့၏ မြင်ကွင်းများကို အဓိကပြသသည့် ဓါတ်ပုံ၊ ပန်းချီနှင့် ကာတွန်းပြပွဲကို ဘော်ဒါလိုင်းပြခန်းတွင်ပင် ပြုလုပ်ခဲ့သည်။

#သံလွင်ခက် #လူ့အခွင့်အရေးနေ့အထိမ်းအမှတ်ပြပွဲ #မဲဆောက် #ThanLwinKhetNews
