![]()

ITJ08
အာဏာသိမ်းစစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းလမ်းပေါင်းစုံဖြင့် ကျူးလွန်နေရုံသာမက တရားမဝင် ကျားဖြန့်ငွေလိမ်လုပ်ငန်းများကိုပါ အားပေးထူထောင်အကျိုးအမြတ်များ ရယူနေသည်ဟု ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများက ထုတ်ပြန်ပြောဆိုခဲ့သည်။
၎င်းထုတ်ပြန်ချက်တွင် အချက် ၈ ချက်ပါဝင်ပြီး မဲဆောက်မြို့တွင် ကျင်းပခဲ့သော (၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ဖြန့်ချိခဲ့သည်။
အဆိုပါအခမ်းအနားကို New Myanmar Foundation နှင့် The Spaceက ဦးဆောင်ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ခဲ့သော သဘောထားကြေညာချက်တွင် စစ်ကောင်စီသည် မူဝါဒများ၊ ဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို ကိုယ်တိုင်ချမှတ်၍ အောက်ပါလူ့အခွင့်အရေးချိုးဖောက်မှု (၈) ရပ်ကို ကျူးလွန်နေကြောင်း ဖော်ပြထားသည်။

၁။ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း ပြည်သူ့စစ်မှုထမ်းဥပဒေဟု အမည်တပ်ကာ လူငယ်များကို အတင်းအဓမ္မ တပ်သားစုဆောင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ရန် လေ့ကျင့်ပေးကာ အင်အားဖြည့်တင်းနေသည်။
၂။ လေကြောင်းတိုက်ခိုက်ခြင်း နိုင်ငံတစ်ဝန်းလုံးတွင် အရပ်ဘက်ပစ်မှတ်နှင့် စစ်ရေးပစ်မှတ် ခွဲခြားခြင်းမရှိဘဲ လေကြောင်းစိုးမိုးမှုရယူကာ ဗုံးကြဲတိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။
၃။ မြေလှန်စနစ်ကျင့်သုံးခြင်း ခြေလျင်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် လူနေအိမ်များနှင့် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို တရားမဲ့ ယူဆောင်သိမ်းပိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
၄။ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် သတ်ဖြတ်ခြင်း စစ်ကြောင်းဖြတ်သန်းရာ လမ်းတစ်လျှောက် တွေ့မြင်သမျှ ပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးချနေသည့်အပြင်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို လက်မရွံ့စတမ်း ကျူးလွန်နေသည်။
၅။ ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ဝေဖန်ဆန့်ကျင်သူများအား ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်ဖန်တီးကာ၊ ဖမ်းဆီးနှိပ်စက်၍ ထောင်ချခြင်းများ ပြုလုပ်လျက်ရှိသည်။
၆။ ရွေးကောက်ပွဲ ဝေဖန်သူများကို ပစ်မှတ်ထားခြင်း အထူးသဖြင့် စစ်ကောင်စီက ပြုလုပ်ရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲအား ဝေဖန်ဆန့်ကျင်သူများကို ကြီးလေးသည့် ပြစ်ဒဏ်များ ပေးလျက်ရှိသည်။
၇။ ကျားဖြန့်လုပ်ငန်းများမှ အကျိုးအမြတ်ရှာခြင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို အားပေးထူထောင်စေပြီး ယင်းလုပ်ငန်းများမှ ရရှိလာသော အကျိုးအမြတ်များကို စစ်ကောင်စီက ရယူလျက်ရှိသည်။
၈။ အခြားလက်နက်ကိုင်နှင့် အာဏာပိုင်များ၏ ချိုးဖောက်မှုများ ထို့အပြင် ပြည်သူများသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များ၊ ဒေသအာဏာပိုင်များ၏ လူ့အခွင့်အရေး ကျူးလွန်မှုများကိုလည်း ဆိုးရွားစွာ ခံစားနေရကြောင်း ထောက်ပြထားသည်။
ထိုအပြင် အခမ်းအနားတက်ရောက်သူများက အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာခဲ့သည်။
သို့ဖြစ်ပါ၍ ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် နိုင်ငံတကာအနေဖြင့် ကူညီဆောင်ရွက်ပေးရန်နှင့် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။


#စစ်တပ်၏ ကျားဖြန့်လုပ်ငန်းများ #လူ့အခွင့်အရေးချိုးဖောက်မှု၈ချက် #လူ့အခွင့်အရေးလှုပ်ရှားသူများ #ThanLwinKhetNews
