![]()
ခင်သရဖီဦး

ရခိုင်ပြည်၊ မြောက်ဦး ပြည်သူ့ဆေးရုံ အလယ်တည့်တည့် သားဖွားဆောင်အား စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သည့်အတွက် ဆေးရုံးအတွင်းမှ လူနာ ၃၃ ဦးသေဆုံးပြီး ၇၆ ဦးအထိ ဒဏ်ရာ ရရှိခဲ့သည်ဟု မြေပြင်မှ သိရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကမ္ဘာတဝှမ်းက ကျင်းပနေကြချိန် ယမန်နေ့ ည ၉ နာရီကျော်ခန့်မှာ စစ်ကော်မရှင် လေတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် သားဖွားမိခင်များ၊ ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစ ကလေးငယ်များမှစ၍ သက်ကြီးပိုင်း လူနာများအပြင် သူနာပြုနှင့် ဆေးရုံဝန်ထမ်းများအထိ ပါဝင်သည်ဟု ဒေသခံများထံမှ သိရသည်။ အသေးစိတ်ကို သံလွင်ခက် အနေဖြင့် ဆက်လက်ပြီး စုံစမ်းနေဆဲဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “သေတဲ့ လူက ၃၃ ဦးအထိ ဖြစ်သွားပါတယ်။ ဒဏ်ရာရတဲ့ လူတွေမှာလည်း ဒဏ်ရာပြင်းထန်တဲ့ လူတွေ ပါတယ်။ ကလေးငယ်တွေရော မိန်းမတွေရော၊ ဆေးရုံဆိုတော့ အရွယ်စုံတာပေါ့” ဟုဆိုသည်။
ဒဏ်ရာရရှိသွားသူ ၇၆ ဦးထဲတွင် ၂၇ ဦးမှာ ဒဏ်ရာပြင်းထန်ကာ အလတ်စားနှင့် အသေးစား ဒဏ်ရာရရှိသူ ၄၉ ဦးအထိ ရှိပြီး သေဆုံးမူများ ဆက်လက်ရှိလာနိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။


”ကူညီကယ်ဆယ်ရေး လုပ်ရတာကလည်း ညက ဖုန်းမီးနဲ့ လုပ်ကြရတာပါ။ မီးတွေလည်း မထွန်းရဲကြဘူး။ ထပ်ကြဲခံရဖို့ ကြောက်ကြတယ်လေ။ သေဆုံးသူတွေလည်း တအားများတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူတွေလည်းများတော့ ထပ်တိုးသေးဆုံးနိုင်တယ်” ဟု ဆိုသည်။
စစ်ကော်မရှင်သည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကင်းထောက်ဒရုန်းများဖြင့် ကြည့်ပြီးမှ ဒီဇင်ဘာလ ၁၀ ရက်နေ့ညတွင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံများက ပြောဆိုကြသည်။
Photo – APM

