![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား ယနေ့ည ၉:၁၃ နာရီခန့်အချိန်တွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် လူနာ ၁၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။
ဂျက်ဖိုက်တာဖြင့် ဆေးရုံကြီးရှိ သားဖွားဆောင်အား ဗုံးတစ်လုံး တည့်တည့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် မြောက်ဦး ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ခွဲစိတ်ဆောင်ကို တည့်တည့်ကျတာပါ။ တစ်လုံး ချသွားတာပါ။ လူနာတွေကို အပြေးအလွှား ယူနေကြရတယ်။ အရေးပေါ်ကားတွေ ဝင်လိုက်ထွက်လိုက် အများကြီးပါပဲ။ လောလောဆယ် ၁၀ ယောက် ပွဲချင်းပြီး သေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသွားသူများမှာ ဆေးရုံတွင် တက်ရောက်ကုသနေသူ အတွင်းလူနာ ၁၀ ဦး ဖြစ်သည်ဟု အာရက္ခပြည်သူ့ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် ဒဏ်ရာပြင်းထန် သူအများအပြားရှိကြောင်းလည်း သိရသည်။
မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ”သားဖွားဆောင်ကို တည့်တည့်ကျတော့ လူအထိအခိုက်ကတော့ များမှာပါ။ ဒါက တမင်သက်သက် အကြမ်းဖက် စစ်ကောင်စီရဲ့ ယုတ်မာတာတွေပါ” ဟုဆိုသည်။
ရခိုင်တွင် စစ်ကော်မရှင်တပ်သည် နေ့စဥ်ကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံ ထိခိုက်သေဆုံးမူမှာလည်း မြင့်တက်လာနေသည်။
#မြောက်ဦးပြည်သူ့ဆေးရုံကြီး #စစ်တပ် #ဗုံးကြဲ #ThanLwinKhetNews