စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ဖြင့် ကေအဲန်ယူတပ်မဟာ ၅ထံ အလင်းဝင်
****************************
ဇန်နဝါရီ ၁၈၊ ၂၀၂၃ ။
ပြီးခဲ့သောနှစ်တွင် တစ်နိုင်ငံလုံး၌ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်၏ တစ်ဝက်ကျော်အထိဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်၊ ခဲယမ်းများယူဆောင်၍ အလင်းဝင်ရောက်လာသည်ဟု ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ယနေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ ခမရ (၄၃၄) စစ်ကြောင်းမှတပ်သား ချစ်ကောင်းသည် AM-၁ တစ်လက်၊ ကျည်ဘောက်၂ ခု နှင့် ကျည်ဆံ၁၅ တောင့် နှင့်အတူ ကေအဲန်ယူ တပ်မဟာ ၅ ထံ အလင်းဝင်ခဲ့သည်။
ဖာပွန် (မူတြော်)ခရိုင် KNU တပ်မဟာ၅ ထိန်းချုပ် နယ်မြေအတွင်း၌ ပြီးခဲ့သောနှစ်တွင် တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံး၍ ၉၇၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများအနက်စစ်ကောင်စီတပ်မှ တပ်ရင်မှူး ၂ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦးအပါအဝင် စစ်ကောင်စီ အရာရှိ ၂၉ ဦးပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများထဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု-တပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး၊ ဒု-ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနှင့် ဒု-တပ်ကြပ် ၁ ဦးပါဝင်ခဲ့သည်။
ကေအဲန်ယူ တပ်မဟာများနှင့်ဖြစ်ပွားသည့်တိုက်ပွဲများ၌ ထိခိုက်သေဆုံးမှုများနေသော စစ်ကောင်စီတပ်များမှတပ်ဖွဲ့ဝင်များသည် လက်နက်များဖြင့် ကေအဲန်ယူတပ်မဟာများထံ မကြာခဏ အလင်းဝင်ရောက်ခဲ့သည်။
ပြီးခဲ့သောနှစ်တွင် ကေအဲန်ယူတပ်မဟာ ၅ အပါအဝင် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီတပ်မှ အလင်းဝင်ရောက်လာသူနှင့် တိုက်ပွဲတွင်း၌ ဖမ်းဆီးရမိသူ ၅၀ ဦးရှိခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံ၌ တိုက်ပွဲပေါင်း ၅၃၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု IPS Myanmar ကဖော်ပြထားပြီး ကေအဲန်ယူတပ်မဟာ ၅ ကလည်း ပြီးခဲ့သောနှစ်၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားရာ တစ်နိုင်ငံလုံးတွင်ဖြစ်ပွားသော တိုက်ပွဲ ထက်ဝက်ကျော်သည် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ကို သိရှိရသည်။
ထိုသို့တိုက်ပွဲအများဆုံး ဖြစ်ပွားနေသည့် တပ်မဟာ၅ နယ်မြေအတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများပစ်ခတ်၍လည်းကောင်း၊ လေကြောင်းမှ ဗုံးကြဲမှုဖြင့်လည်ကောင်း မကြာခဏတိုက်ခိုက်နေရာ ယခုလဒုတိယအပတ်တွင်း၌ပင် ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု သိရသည်။