ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့ရှိစစ်ကောင်စီတပ်က နှစ်ဆင့်ကွဲအမြောက်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် စစ်ဘေးရှောင် ပြည်သူတစ်ဦးသေဆုံး၍ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲPDFက ယနေ့တွင်ဖော်ပြထားသည်။
ဖယ်ခုံမြို့အမြောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ဘေးရှောင်နေရာသို့ တမင်တကာချိန်ရွယ်ကာနှစ်ဆင့်ကွဲအမြောက်ဖြင့် ယမန်နေ့ည ၈း၁၅ နာရီအချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုးဗြဲPDFက ထုတ်ပြန်ထားသည်။
အဆိုပါပစ်ခတ်မှုသည် ကောင်းဆောင်ကျေးရွာရှိ စစ်ဘေးရှောင်နေရာသို့ ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာပွဲချင်းပြီးသေဆုံးခဲ့သည်။ သေဆုံးသူမှာ ကောင်းဆောင်ရွာသို့စစ်ရှောင်လာသည့်ဒန်းဒူထန်ရွာမှ အသက်၃၃နှစ်အရွယ် ဒေါ်မူလင်းဖြစ်သည်ဟု သိရသည်။
ယခုလဇန်နဝါရီ၈ရက်တွင်လည်း စစ်ကောင်စီ ၏ ၄၂၂ တပ်မှ မိုးဗြဲမြို့ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပွဲကုန်း၁ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်၆၆နှစ်အရွယ်ဦးလျိုပန်သေဆုံးခဲ့သည်ဟု မိုးဗြဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်း–ကယားနယ်စပ်မိုးဗြဲတွင် ထိတွေ့မှုများမဖြစ်ပွားပဲငြိမ်သက်နေသည်မှာ အချိန်၂လ နီးပါးရှိလာပြီးနောက် ယခုလ ၅ရက်မှစ၍ စစ်ကောင်စီတပ်က လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်လာသည်ဟု မိုးဗြဲPDF က ဖော်ပြထားသည်။
ဇန်နဝါရီလ ၅ရက်၊ ည၉နာရီခန့်မှ ၆ရက်နေ့နံနက် ၆နာရီဝန်းကျင်အချိန်ထိ ဝါရီဆူးဖလိုင် ကျေးရွာရှိစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်များအတွင်းကျရောက်ပေါက်ကွဲ၍ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။