ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက လက်နက်များပေးအပ်ခဲ့ပြီး NUG ခေါင်းဆောင်များသည် တော်လှ န်ရေးရဲဘော်များနှင့်အတူ မြေပြင်၌တစ်သားတည်းရှိနေဟု ပြောကြားခဲ့သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၇ရက်တွင်ပြုလုပ်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်း ဆင်းပွဲသို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်များအား လက်နက်များပေးအ ပ်ခဲ့ခြင်းဖြစ်သည်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားမိန့်ခွန်းပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်နေသည်ဟု ပြောကြားသည်။
ထို့ပြင် စစ်မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေကြပါကြောင်းပြည်ထောင်စု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ယခုကြိုးစားအားထုတ်နေမှုထက် ပိုမိုအားစိုက်ထုတ်ပေးကြရန် ပြည်ထောင်စု ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပြီး သင်တန်းဆင်းရဲဘော် များကို တစ်ဦးချင်းသစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု–စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးသင်တန်းဆင်းရဲဘော်များအား လက်နက်များနှင့် ဂုဏ်ပြုငွေကျပ် ၁၀ သိန်းပေးအပ်ခဲ့သည်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာလ ၂၅ရက်တွင်လည်းတောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့်လက်နက် များအနက် အလက် ၅၀ အား ကော်ဘရာစစ် ကြောင်းကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ခဲ့သည်။