![]()
ခင်သရဖီဦး
ရခိုင်အစပ် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ ထွက်ပြေးနေကြသူများအပြင် လက်နက်ချ အလင်းဝင်လာသူ ၇၀ ကျော် ရှိနေသည်ဟု AA က နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နတ်ရေကန်ဗျူဟာကုန်း၊ လေလာတောင်၊ ကပစ (၁၆) အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ရခိုင်အစပ် နေရာများမှ လက်ရဖမ်းဆီးမူများအပြင် အလံဖြူထောင် အလင်းဝင်ရောက်လာသူများ ရှိနေခြင်းဖြစ်သည်။
အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ”တစ်နေ့ကို တစ်ယောက်စ နှစ်ယောက်စနဲ့ ရက်ခြားဖြစ်ဖြစ် တစ်ပတ်ခြားဖြစ်ဖြစ် လက်နက်ချ အလင်းဝင်တဲ့ လူတွေ ရှိနေတယ်” ဟုဆိုသည်။
အလင်းဝင်လာသူများမှာ အောက်တိုဘာလ ၃ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အတွင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့မှ ကပစ( ၁၆ )အနီး စစ်ကော်မရှင် လက်အောက်ခံ ခမရ (၃၆၁)၊ ခမရ (၃၆၃)၊ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၈) တို့မှ တပ်ပြေး၊ အလံဖြူထောင်သူနှင့် လက်ရဖမ်းဆီးခံရသူ စုစုပေါင်း ၇၀ ဦးအထိ ရှိနေခြင်းဖြစ်သည်။
ထို့အပြင် နိုဝင်ဘာလ ၈ ရက်ကလည်း နတ်ရေကန်ဗျူဟာကုန်း မှ စစ်ကော်မရှင်တပ်၊ အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလန် အခြေစိုက်တပ်မှ ဒု-တပ်ကြပ်တစ်ဦးသည်လည်း အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်လာခဲ့သည်။
လက်နက်ချ အလင်းဝင်လာသူများအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည်ဟု AA ကဆိုသည်။
အာရက္ခတပ်တော် AA အနေဖြင့် စစ်ကော်မရှင်တပ်၏ထိုးစစ်များကို ခုခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် အကောင်းဆုံးတုံ့ပြန်ဆင်နွှဲလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
#ရခိုင်အစပ် #ဧရာဝတီတိုက်ပွဲ #စစ်ကော်မရှင်တပ်သား #AA ဖမ်းမိ #ThanLwinKhetNews
