![]()
ခင်သရဖီဦး
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပေါက်တောမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်လက်အောက်ခံ စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းက လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်၍ ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ နေ့လယ် ၁၂:၃၀ နာရီခန့်တွင် ပေါက်တောမြို့နယ်ရှိ သရွဲကျေးရွာနှင့် ငပြီကျွန်းကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၈ နှစ်အရွယ် ပေါက်တောဒေသခံ အမျိုးသား တစ်ဦးက “လက်နက်ကြီးနဲ့ ပစ်တာပါ။ သရွဲရွာမှာ လမ်းခွဆုံကို ကျပါတယ်။ အဲဒီမှာ လူတွေ ထိခိုက်သွားပါတယ်။ ငပြီကျွန်းမှာလည်း လူတွေ ထိခိုက်သွားပါတယ်” ဟုဆိုသည်။
သရွဲကျေးရွာကို လက်နက်ကြီး လေးလုံး ကျပြီး ငပြီးကျွန်းကျေးရွာ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုသို့ ပစ်ခတ်ခဲ့သည့်အတွက် သရဲရွာမှ ဒေသခံ လေးဦးနှင့် ငပြီကျွန်းရွာမှ ဒေသခံ တစ်ဦးတို့ ထိခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပါဝင်သည်။
“တစ်ချိန်တည်းမှာ ဆက်တိုက် ရမ်းပြီး ပစ်သွားတာပါ။ သရွဲရွာမှာက စစ်ဘေးရှောင်နေကြတာမျိုးလည်း မရှိတော့ လေးယောက် ဒဏ်ရာ ရသွားတယ်” ဟု ပေါက်တောဒေသခံ အမျိုးသားက ဆိုသည်။
ထိခိုက်လူနာများမှာ လက်ရှိတွင် နီးစပ်ရာ ဆေးပေးခန်းများ၌ ဆေးကုသမှု ခံယူနေကြရကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်ကလည်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်း ၅၀၀ ဗုံး သုံးလုံးအပြင် စစ်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
#စစ်တွေရဲတပ်ရင်း #ပေါက်တော #လက်နက်ကြီးပစ် #ThanLwinKhetNews
