![]()

ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ တပ်မဟာ ၃ ခလယ်လွီထူခရိုင်အတွင်းရှိ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ဒရုန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား တစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် ရှစ်လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရသည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။
မူးမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအတွင်းသို့ ၂၀၂၅ နိုဝင်ဘာလ ၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူမှာ အသက် ၅၅ နှစ်အရွယ် ဒေသခံ အမျိုးသား တစ်ဦး ဖြစ်ပြီး နေအိမ် ၆ လုံးလည်း ထိမှန် ပျက်စီးခဲ့ရသည်ဟုလည်း သိရသည်။
ထို့အပြင် လယ်ဒိုမြို့နယ်၊ တောင်ခင်ကျေးရွာအတွင်းသို့လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ နေအိမ် နှစ်လုံး ထိမှန် ပျက်စီး ခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများ လုပ်ကိုင်စားသောက်ရာ နေရာများနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများ၊ လေယာဉ်များဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသောကြောင့် ဒေသခံများမှာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU က ပြောဆိုထားသည်။
#တပ်မဟာ၃ #စစ်တပ်ဒရုန်း #အရပ်သားသေဆုံး #ThanLwinKhetNews

