ချင်းပြည်နယ်၊ မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း CDF – Matupi မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု မတူပီ CDFက သတင်းထုတ်ပြန်သည်။
မတူပီမြို့နယ်၊ မတူပီ–ဟားခါးလမ်းပေါ် ငလိုင်ကျေးရွာရှိ CDF Matupi ၏ ရှေ့တန်းစခန်း တစ်ခုကို ဇန်နဝါရီလ၁၅ရက်၊ နံနက် ၉နာရီအချိန်တွင် အင်းအား ၁၀၀ ခန့်ရှိစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
မတူပီ CDF များက ခုခံတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး CDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု မတူပီCDF က ထိုနေ့၌ သတင်းထုတ်ပြန်ထားသည်။
ထို့နောက်အဆိုပါ CDF စခန်းကို စစ်ကောင်စီများက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် ပစ္စည်းများလည်းဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
မောင်းပြန်(M4)နှစ်လက်၊ ခါးချိုးသေနတ်နှစ်လက်၊ ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း၇လုံး ၊မောင်းပြန်ကျည်အများအပြားနှင့် ကျပ်ငွေ၁၅သိန်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု မတူပီ CDF က ယမန်နေ့တွင်သတင်းထပ်ထုတ်ပြန်သည်။
” အဲဒီရွာမှာပြည်သူတွေက မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့က ရှေ့တန်းစခန်းအနေနဲ့သုံးတာ။ အဲမှာရှိတဲ့ပစ္စည်းတွေ ဘာမှပြန်မရတော့ဘူးပေါ့နော် “ဟု မတူပီ CDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
CDF စခန်းကိုစီးနင်းပြီးနောက် စစ်ကောင်စီတပ်က ငလိုင်ကျေးရွာအတွင်းရှိ ပြည်သူများ၏ အိမ်များအားဖောက်ထွင်းခဲ့ကာ လူနေအိမ် သုံးလုံးကို စက်ကြီးဖြင့်ဖြိုခွင်း၍ ယင်းအနက် နှစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။
မတူပီမြို့နယ်အတွင်း တယ်လီဖုန်းလိုင်းများ အကုန်လုံး ဖြတ်တောက်ခံထားရသည့်အတွက် CDF Matupi အနေဖြင့် သတင်းအချက်အလတ်များကို အများပြည်သူထံ အချိန်နှင့်တပြေးညီ ပြချပြရန်ခက်ခဲကြောင်းနှင့် မတူပီ – ဟားခါးလမ်းမပေါ်၌ အချိန်မရွေး တိုက်ပွဲဆက်လက်ဖြစ်ပေါ်နိုင်သည့် အခြေအနေရှိနေသည်ဟု မတူပီ CDF ကအစောပိုင်းနေ့၌ သတိပေးထုတ်ပြန်ထားသည်။
ပုံစာ–ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင်ပြုလုပ်ခဲ့သည့် မတူပီ CDF စစ်သင်တန်းဆင်းပွဲ။