ထွေအုပ်ဝန်ထမ်းများကို NUG အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့်အမှုဖွင့် စစ်ဆေးနေ
*****************************
ဇန်နဝါရီ ၁၆။၂၀၂၃။
စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ၂၀၂၃ အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း လူဦးရေ စာရင်းကောက်ခံခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေး အမှုဖွင့် စစ်ဆေးနေသည်။
ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ ဝန်ထမ်း ၄ ဦးတွင် မြို့ နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ပါဝင်သည်။
၎င်းတို့ကို ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက မြောင်မြို့နယ်တော်လှန်ရေးတပ်-Myaung Revolution Army မှ ဖမ်းဆီးကာ စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
“ မဲစာရင်း နဲ့ ပက်သတ်တဲ့ စာရွက်စာတမ်းတွေ အများအပြားလည်း ပါတယ်။ အုပ်ချုပ်ရေးမှူးကတော်နဲ့ အတူ ပါလာတဲ့ သုံးယောက်ကလည်း အငယ်တန်းစာရေးတွေပါဗျ ” ဟု Myaung Revolution Army ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
တရားဥပဒေကြောင်းအရ ဖမ်းဆီးခံရသူများကို ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခွင့် မရှိသော်လည်း အရပ်ဘက်တရားရုံး၏ ချုပ်ယမန်ဖြင့် အကျယ်ချုပ်ထားရှိကာ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေသည်ဟု စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးမြင့်တင်က ပြောသည်။
“ တို့ကတော့ ရဲလုပ်ငန်းကျင့်ထုံးဥပဒေနဲ့အညီ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းရပ်ကို စုံစမ်းပြီး အမှုတွဲပြီး မြောင်မြို့နယ်တရားရုံးကို တင်ပေးလိုက်ရမှာပေါ့။ သူတို့ဘက်က အရပ်ဘက်တရားရေးက ဆုံးဖြတ်မလား MOD က ဆုံးဖြတ်မလားတော့ မသိဘူး ” ဟု ၎င်းက ဆိုသည်။
အမှုဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု မြောင်မြို့နယ် တရားသူကြီး ဦးဇော်ကြီးမောင်က ပြောသည်။
“ ပြစ်ဒဏ်စီရင်မှုပိုင်းမှာ အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေဆိုပေမယ့်လည်း အကြမ်းဖက်ကို အားပေးကူညီတဲ့ဟာလည်းပါတယ်ပေါ့နော်။ ဥပဒေအရဆိုရင်တော့ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်တယ် ” ဟု တရားသူကြီး ဦးဇော်ကြီးမောင်က ပြောသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူမှုကို ပြည်သူများ ပူးပေါင်းပါဝင်ခြင်းမပြုရန်နှင့် အားပေး ဆောင်ရွက်သူ မည်သူ့ကိုမဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ အရေးယူသွားမည်ဟု ဇန်နဝါရီလ ၉ ရက်နေ့က NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။