ထိုင်းနိုင်ငံ အတွင်းရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ပန်းရောင်ကဒ်ပြုလုပ်ရန် ဘတ်စာရင်းအား အောက်တိုဘာ ၁၅ ရက်မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ပြီဟု အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးမှ ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ အတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိမည့် ပန်းရောင်ကဒ် သက်တမ်းအား တစ်နှစ်သတ်မှတ်ထားပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ လျှောက်ထားနိုင်မည် ဖြစ်သည်။
အဆိုပါ ပန်းရောင်ကဒ်ပြုလုပ်ရန် အောက်တိုဘာ ၁၅ ရက်မှ ၂၉ ရက်အထိ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ကြေညာထားသည်။
“ကျွန်မတို့က အထောက်အထားမရှိတော့ လုပ်ခလစာ အနှိမ်ခံရတယ်။ ဝင်ငွေနည်းတယ်။ ဒါ့အပြင် ကျန်းမာရေး မကောင်းရင် ဆေးရုံဆေးခန်းသွားဖို့လည်း မလွယ်ဘူး။ ဒီတခေါက်မှာတော့ ကျွန်မ ဘတ်စာရင်း တင်မယ်။”ဟု ချွန်ပူရီတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးမှ ပြောသည်၊
မြန်မာရွှေ့ပြေင်းအလုပ်သမားအရေး လုပ်ဆောင်သူများကလည်း ရွှေ့ပြောင်းမြန်မာများ အနေဖြင့် အလုပ်ရှင်နှင့် တစုံတရာ အငြင်းပွားမှုများ ကြုံရပါက နစ်နာမှု မရှိစေရန် အထောက်အထားများ ပြုလုပ်ထားရန်နှင့် ထိုင်းနိုင်ငံ၏ ဥပဒေများအား လိုက်နာရန် အကြံပြုထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၇ သန်းအထိ အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသူများမှ ခန့်မှန်းသည်။