ရန်ကုန်တိုင်းအတွင်းတွင် စက်တင်ဘာ တစ်လတည်းတွင် ရွေးကောက်ပွဲ ဆန့်ကျင်သူများ အပါအဝင် အရပ်သား ၁၆၀ ကျော်အထိ ဖမ်းဆီးထားသည်ဟု Rangon Scout Network က အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယင်းသို့ ဖမ်းဆီးခံရသူများထဲမှ ၁၀ ဦးအား ပြန်လွှတ်ပေးခဲ့ပြီး ၂၅ ဦးအား စစ်မှုထမ်းသင်တန်းကျောင်းနှင့် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရပ်ကွက်ထဲက စစ်မှုထမ်းအတွက် လုပ်နေတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေကို နားစွင့်ထားဖို၊ တခုခုသတင်းကြားတာနဲ့ ယာယီရှောင်တိမ်းလိုရမယ့်နေရာတွေ ပြင်ဆင်ထားဖို၊ ပါသွားခဲ့ရင် ကိုယ်ဆက်သွယ်မယ့်သူတွေကို ကြိုစီစဉ်ထားဖို အကြံပြုချင်ပါတယ်။” ဟု Rangon Scout Network ၏ တာဝန်ရှိသူ တစ်ဦးမှ အကြံပြုသည်။
ထို့အပြင် ရွေးကောက်ပွဲအား နှောင့်ယှက်ဆန့်ကျင်သည်ဟ အကြောင်းပြကာ ဖမ်းဆီးခံရသူ ၆ ဦးအထိ ရှိသည်ဟု သိရသည်။ ကျန်ဖမ်းဆီးထားသူ ၁၂၀ ကျော်၏ သတင်းအချက်အလက်များအား သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူများထဲတွင် သတင်းအတိအကျရသောကြောင့် ရှာဖွေဖမ်းဆီးခံရသူ ၂၃ ဦးရှိပြီး ရမ်းသမ်းဖမ်းဆီးခံရသူ ၆၆ ဦးအထိ ရှိကာ လမ်းပေါ်တွင် သွားလာရင်း ဖမ်းဆီးခံရသူ ၅၄ ဦး၊ ဆိုင်ထိုင်ရင်း ဖမ်းဆီးခံရသူ ၈ ဦးနှင့် လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၄ ဦးအထိ ရှိသည်ဟု သိရသည်။
ယင်းအပြင် ရှောင်တခင် ဖမ်းဆီးခံရသူ ၆၆ ဦးအထိ ရှိကာ ၂၁ ဦးမှာ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ စစ်မှုထမ်းသင်တန်းအတွက် ဖမ်းဆီးခံရသူ ၁၁ ဦးအထိ ရှိသည်ဟုလည်း သိရသည်။ စစ်မှုထမ်းသင်တန်း အတွက် ဖမ်းဆီးခံရသူများအား ပဲခူးတိုင်း၊ အင်းမ၊ တပ်ရင်း ၃၃ သို့ ပို့ဆောင်ထားသည်ဟုလည်း သိရသည်။
စစ်မှုထမ်းစာရင်းပါသောကြောင့် လွတ်မြောက်နယ်မြေ တနေရာတွင် ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှ “အကုန်ငြိမ်သွားမှ ပြန်ဖို့ပဲတွေးထားတယ်။ အကုန်ငြိမ်တယ်ဆိုတာက ဒီလို အိမ်မှာလိုက်ဆွဲတာတွေ ဘာညာပေါ့ဗျာ။” ဟု ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ တစ်လလုံးတွင် စစ်တပ်အား ဆိုရှယ်မီဒီယာမှ ဝေဖန်သည့်ဟု အကြောင်းပြကာ ဖမ်းဆီးခံထားရသူ ၂ ဦးရှိပြီး ထောက်ပို့ထီ ရောင်းချမှုတွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးထားသူ ၁ ဦးရှိသည်ဟု သိရသည်။
ယင်းအပြင် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသူ ၁၅ ဦးရှိသည်ဟု Rangon Scout Network မှ ဖော်ပြထားသည်။