နန်းဆုပန်ခန့်
ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူထိန်းချုပ်ရာ တပ်မဟာ ၆ နယ်မြေ၊ ကရင်ပြည်နယ်၊ ကော့ကရိတ် -မြဝတီ အာရှလမ်းပြန်လည်ရရှိရေး ထိုးစစ်ဆင်လာသည့် အောင်ဇေယျဒုတိယလှိုင်း တပ်မ ၄၄ လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာသည်ဟု KNDO တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း MA – 1 သေနတ်နှင့်အတူ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု KNDO အရာရှိ တစ်ဦးက ဆိုသည်။
၎င်းက “သူအလင်းဝင်လာတာက စက်တင်ဘာ ၆ ရက်လောက်က။ ဒါပေမယ့် ဆေးကြောင်နေတော့ အခုမှ စစ်ဆေးမေးမြန်းလို့ရတာ။တချို့ကြတော့ မူမမှန်ဘူးပေါ့။ မေးရင်လည်း သေချာပြန်ပြီးတော့ မရှင်းပြနိုင်ဘူး။ သူတို့ကို သေချာကျွေးမွေး၊ ပြုစုပြီးမှ မေးလို့ရတာ။ အချိန် ၂ ပတ်၊ ၃ ပတ်လောက်ယူရတယ်။ ဘာမှသိပ်မမှတ်မိတာတွေ များတယ်။ အခုချက်ချင်းဘာမှမေးလို့မရဘူး။ သူတို့ရဲ့ သင်ကြားရေးကာလမှာ ဆေးတိုက်တယ်။ ဆေးထိုးတယ်ဆိုတာ ပြန်ပြောပြတယ်” ဟု ဆိုသည်။
အောင်ဇေယျစစ်ကြောင်း ဒုတိယလှိုင်း စစ်ဆင်ရေးအတွင်း တပ်သား ၁၀ ဦးနှင့်အထက်ဖမ်းမိထားသည်ဟုလည်း အဆိုပါအရာရှိက ဆက်ပြောသည်။
၎င်းက “အခုချိန်ထိဆိုရင် ဆယ်ဂဏန်းအထက်ရှိပြိီး ဖမ်းမိထားတာ။ ဖမ်းမိတဲ့သူတွေကလည်း ဆေးကြောင်တဲ့ သူတွေချည်းပဲ” ဟု ပြောသည်။
ထို့အပြင် လက်ရှိ ဖမ်းမိသည့် စစ်သုံ့ပန်းများထဲတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်ပြီး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည့် လူငယ်များလည်း ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိစစ်ကြောင်းထိုးလာသည့် အောင်ဇေယျစစ်ကြောင်းဒုတိယလှိုင်းအတွင်း တပ်သားများသည် WY အမျိုးအစား စိတ်ကြွဆေးပြားကို ပေါ်ပေါ်ထင်ထင် သုံးလာသည်ဟုလည်း မြဝတီမြို့ခံများထံမှ သိရသည်။
အောင်ဇေယျစစ်ကြောင်း ဒုတိယလှိုင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်မှာ သင်္ကန်းညီနောင်မြို့သို့ ရောက်ရှိပြီး ခမရ – ၃၅၅၊ ၃၅၆၊ ဗဟိုကင်းများကို သိမ်းပိုက်ကာ စက်တင်ဘာ ၅ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်သို့ ရောက်ရှိပြီး ကော့ကရိတ် – မြဝတီ အာရှလမ်းမကို ထိန်းချုပ်ထားသည်။
ပုံစာ – သေနတ်နှင့်အတူ KNDO ထံ အလင်းဝင်လာသည့်တပ်သားအား မြင်တွေ့နေရစဥ်။ (ဓာတ်ပုံ –ပေးပို့)
#တပ်မ၄၄ #ပြည်သူ့စစ် #လက်နက်နှင့်အလင်းဝင် #KNDO #ThanLwinKhetNews