စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခက်အခဲများနှင့် အသက်အန္တရာယ်စိန်ခေါ်မှုများကြားမှ ကလေးသူငယ်များ၏ ပညာရေးအတွက် အနစ်နာခံ၍ ပညာသင်ပေးနေသော ကျောင်းဆရာ၊ဆရာမများအား တန်ဖိုးထားလေးစားဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောဆိုလိုက်သည်။
ယနေ့တွင် ကျရောက်သော ၃၁ နှစ်ပြည့် ကမ္ဘာ့ဆရာများနေ့တွင် ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်၍ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း ပညာရေးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ စာသင်ကျောင်းများအား ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို အဆက်မပြတ် ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့သော တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများစွာ ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ကြောက်ရွံ့စိုးရိမ်မှုများကြားတွင် ပညာသင်ကြားနေရသည်ဟု KNU က ဆိုသည်။
KNU ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) ၏ ဦးဆောင်မှုဖြင့် ၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၌ စာသင်ကျောင်းပေါင်း ၁,၇၃၈ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၄၉,၇၆၂ ဦး အတွက် ဆရာ၊ ဆရာမအရေအတွက် ၁၁,၉၃၉ ဦး ဖြင့် ခန့်ထားသင်ကြားပို့ချလျက်ရှိသည်။
KNU က အခက်အခဲများကြားမှ ပညာအလင်းထွန်းညှိပေးနေသည့် ဆရာ၊ ဆရာမ တစ်ဦးချင်းစီအား ထပ်မံအသိမှတ်ပြုပြီး လေးစားဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။
လူ့အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ပျက်စီးမှုများ
အာဏာသိမ်းစစ်တပ်မှ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသောကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း ကရင်ပြည်နယ်ရှိ စာသင်ကျောင်း ၁၈ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ထို့ပြင် ဆရာ၊ ဆရာမ နှစ်ဦး ဒဏ်ရာရခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး သေဆုံးခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ကေအဲန်ယူအနေဖြင့် ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းရှိ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိစေရေးနှင့် အသက်အန္တရာယ် စိုးရိမ်ရမှုများမှ ကင်းလွတ်စေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းအသီးသီးတို့ကိုလည်း တိုက်တွန်းနှိုးဆော်လိုက်သည်။
အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းများအား စစ်အာဏာရှင်အုပ်စုကို ၎င်းတို့ ကျူးလွန်ခဲ့သည့် အပြစ်မှုများအတွက် ဖိအားပေးမှုနှင့် အရေးယူမှုများ ဆောင်ရွက်ပေးရန် KNU မှ တောင်းဆိုလိုက်သည်။
ပုံစာ – လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးခဲ့ရသည့် ဖလူး စာသင်ကျောင်း
#ကမ္ဘာ့ဆရာများနေ့ #KNUဂုဏ်ပြု #ThanLwinKhetNews