
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်းတွင် လူနေအိပ်ချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှုများကို နံနက် ၁ နာရီ ၂၃ မိနစ်နှင့် ၁ နာရီ ၃၄ မိနစ်တို့တွင် မင်းတပ်မြို့ပေါ်ရှိ နေရာ နှစ်နေရာသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်သည် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ဆုံး ခံရသည့် ဒေသများထဲမှ တစ်ခုဖြစ်သည်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်အထိ လေးနှစ်တာကာလအတွင်း ချင်းပြည်နယ်တစ်ခုတည်း၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၂၄၁ ကြိမ် ရှိခဲ့ပြီး လေယာဉ်များမှ ဗုံးလုံးရေ ၁,၀၆၁ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု Institute of Chin Affairs (ICA) ၏ စစ်တမ်းမှတ်တမ်းများအရ သိရသည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၄၉ ဦး သေဆုံးခဲ့ရပြီး ၄၂၄ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ပြည်သူပိုင်နှင့် အများပိုင် အဆောက်အအုံများပါ ပျက်စီးဆုံးရှုံးခဲ့ရာ နေအိမ် ၁,၂၈၀ လုံးကျော်၊ ဘာသာရေး အဆောက်အအုံ ၃၉ လုံးနှင့် အစိုးရ အဆောက်အအုံ ၃၈ လုံးတို့ ဖျက်ဆီးခံခဲ့ရကြောင်း ICA က ထုတ်ပြန်ထားသည်။
#မင်းတပ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ThanLwinKhetNews
