မြန်မာနိုင်ငံအတွင်းရှိ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ် လူငယ်များသည် ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့တွင် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရပြီး လူငယ် ၄ သန်းခန့် အလုပ်လက်မဲ့ ပြဿနာဖြင့် ရင်ဆိုင်နေရသည်ဟု UNDP Myanmar မှ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည်။
အာဏာသိမ်းစကတည်းက အလုပ်လက်မဲ့ ဖြစ်သွားသော လူငယ်များပင်လျှင် လက်ရှိအချိန်အထိ အလုပ်မရရှိသေးသည့် အခြေအနေများလည်း ရှိနေသည်ဟု လူငယ်အချို့က ဆိုသည်။
NGO တွင် ၇ နှစ်နီးပါး လုပ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှ စတင်၍ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက “NGO တွေမှာ အလုပ်လျှောက်လည်း အင်တာဗျူးတောင် မခေါ်တဲ့ အခြေအနေ ကြုံနေရတယ်။ တချို့ NGO တွေဆိုလည်း စားပွဲထိုးလစာလောက်ပဲပေးတာ။ လတ်တလောတော့ အလုပ်ရှာနေဆဲပဲ” ဟု ပြောသည်။
လတ်တလော မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတို့ကြောင့် လူငယ်များ လေ့လာသင်ယူနိုင်မှုနှင့် အလုပ်အကိုင်ရရှိမှုတို့တွင် ဆိုးရွားစွာ ယိုယွင်းနေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်ပွားမှု ပိုမိုမြင့်မားသည့် ကယား (ကရင်နီ) နှင့် ရခိုင်ဒေသတို့တွင် အလုပ်လုပ်မဲ့နှင့် ပညာသင်ယူနိုင်စွမ်း ဆုံးရှုံးမှုကို ပိုမိုခံစားနေကြရသည်ဟု ဆိုသည်။ ကရင်၊ ချင်း၊ စစ်ကိုင်းနှင့် တနင်္သာရီတို့တွင်လည်း စီးပွားရေးမတည်ငြိမ်ခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် လူငယ်များ ပညာသင်ယူနိုင်မှု ကျဆင်းနေသည်ဟု ဆိုထားသည်။
ယခုကဲ့သို့ လူငယ်များ အလုပ်အကိုင်နှင့် လေ့လာသင်ယူနိုင်မှုများ ဆုံးရှုံးရခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်ဟု ထောက်ပြထားသည်။
UNDP Myanmar ၏ စစ်တမ်းအရ တက္ကသိုလ်မှ ဘွဲ့ရထားသူ တစ်ဦးသည် လစာ ကျပ် ငါးသိန်းကျော်သာရရှိပြီး အမေရိကန် ဒေါ်လာဖြင့် တွက်ချက်ပါက ၁၂၄ ဒေါ်လာသာရရှိသည်ဟု ဖော်ပြထားသည်။
ထို့အပြင် အတန်းပညာနည်းပါးသူများသည် လစာ ကျပ် ၃ သိန်းခွဲခန့်သာရရှိပြီး အမေရိကန်ဒေါ်လာဖြင့် တွက်ချက်ပါက ၈၁ ဒေါ်လာခန့်သာ ရရှိသည်ဟု ဖော်ပြထားသည်။
ထိုကြောင့် လူငယ်များအနေဖြင့် အလုပ်အကိုင် ရှာဖွေရန် စိတ်ဓါတ်ကျဆင်းခြင်းများ ရင်ဆိုင်နေရသည်ဟုဆိုသည်။
ထိုသို့ ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးခြင်းနှင့် ရင်ဆိုင်နေရခြင်းကြောင့် ပြည်ပသို့ ရွှေ့ပြောင်းမှုများလည်း ပိုများလာပြီး ပြည်တွင်းတွင်လည်း ကိုယ်ပိုင်စွမ်းရည်များအား ကန့်သတ်ခံရခြင်း အခြေအနေများနှင့် ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစ၍ လူငယ် ၅ သိန်းခန့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြပြီး ကျန် ၄၀ ရာခိုင်နှုန်းခန့်ကလည်း စစ်မှုထမ်းဥပဒေကြောင့် အခွင့်အလမ်းရှိပါက ပြည်ပနိုင်ငံများသို့ ထွက်ခွာချင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။