ရှမ်းပြည်နယ်မြောက်ပိုင်း၊ တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်ကို ယမန်နေ့ညက စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။
ယမန်နေ့ ည ၁၀း၁၅ နာရီခန့် တွင် စစ်တပ်မှ လေကြောင်းဖြင့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ ရှိ ကုမုဒြာဟိုတယ် ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PSLF/TNLA က ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကုမုဒြာဟိုတယ် အဆောက်အအုံ တစ်ခု ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ယမန်နေ့ နံနက်ကလည်း စစ်ကော်မရှင်တပ်က နမ္မတူမြို့ နှင့် မန်တုံမြို့ တို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နမ္မတူမြို့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံပြည်သူများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံးကြဲချခဲ့သောကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးသွားခဲ့သည့်အပြင် ကလေးငယ် တစ်ဦး၊ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ထိမှန်ဒဏ်ရာရခဲ့သည်။
စစ်ကော်မရှင်တပ်သည် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်ကလည်း သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး ဒဏ်ရာရ ရှိခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သေးသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၀၀ ကျော် ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရသည် ဟု စောင့်ကြည့်လေ့လာသည့် အဖွဲ့များ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
PSLF/TNLA က စစ်ကော်မရှင်တပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ သိမ်းပိုက်ရရှိခဲ့သော နေရာများတွင် အပြစ်မဲ့ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိသည် ဟု ပြောဆိုထားသည်။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် စစ်ရေးသတိ အမြဲရှိရန်နှင့် သက်ဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လည်း TNLA က သတိပေးတိုက်တွန်းထားသည်။