ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူနှင့် မန်တုံမြို့များတွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ဒေသခံများနှင့် ရသည်။
ယနေ့ အောက်တိုဘာ ၂ ရက်၊ နံနက် ၇ နာရီ ၂၀ မိနစ်ခန့် တွင် စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများ တည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း အတည်ပြုထုတ်ပြန်သည်။
နမ္မတူမြို့၊ ရပ်ကွက် (၈) တွင် ပေါင် ၅၀၀ ဗုံး တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း သုံးဦး ကနဦး သေဆုံးခဲ့ပြီး ဆေးရုံရောက်ချိန်တွင် နောက်တစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက “ကျွန်မဆို မနက် ဘုရားဆွမ်းကပ်မလို့ လုပ်နေတာ။ အဲဒီမှာ လေယာဉ်သံကြားတာနဲ့ ကလေးပွေ့ပြီးပြေးတာပဲ။ အိမ်အောက်တောင် မရောက်သေးဘူး။ ပေါက်ကွဲသံကြားတာ။ ကိုယ့်ကို သေပြီတောင် ထင်တာ။ အခုထိ ဒူးတုန်နေတုန်းပဲ” ဟု သံလွင်ခက်ကို ပြောသည်။
မန်တုံမြို့ ကိုလည်း တဆက်တည်း လေကြောင်းဖြင့် ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့၍ နေအိမ် ၈ အိမ် လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

အလားတူ ယမန်နေ့ ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာ တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ် တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
စစ်ကော်မရှင်က ရှမ်းပြည်မြောက်ပိုင်း ဒေသများကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၀၀ ကျော် ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရသည် ဟု စောင့်ကြည့်လေ့လာသည့် အဖွဲ့များ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တစ်လတည်းတွင်ပင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀ ကျော် အထိ ရှိခဲ့ပြီး ထိုကာလအတွင်း အရပ်သားသေဆုံးသူ အနည်းဆုံး ၁၅ ဦး ရှိခဲ့သည်ဟု စာရင်းများအရ သိရသည်။
ဒေသခံများအနေဖြင့် စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လည်း TNLA က သတိပေးထုတ်ပြန်ထားသည်။
ပုံစာ – နမ္မတူမြို့လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း (ဓာတ်ပုံ – Mai A Shai)
