မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ထိုင်းနိုင်ငံ၊ သမွတ်ဆုန်ခရမ်ခရိုင်ရှိ မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေခဲ့သည့် ထိုင်းအမျိုးသမီးတစ်ဦး၏ အသက်ကို အချိန်မီ ကယ်တင်နိုင်ခဲ့သည့် ဖြစ်ရပ်တစ်ခု အောက်တိုဘာလ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်ဟု ထိုင်းသတင်း Khaosod က ဖော်ပြသည်။
အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးသည် မြစ်ကမ်းနားတွင် ဖန်ခွက်များ လိုက်ကောက်နေစဉ် ရေထဲသို့ ချော်ကျခဲ့ပြီး မူလနေရာမှ သုံးကီလိုမီတာခန့်အထိ မျောပါသွားခဲ့သည်ဟု သိရသည်။ အမှောင်ထဲတွင် လေးနာရီကြာ အသက်လုနေရပြီးနောက် မြစ်ကမ်းနားတွင် အလုပ်လုပ်နေသည့် အသက် ၃၄ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ည့် ကိုသိုးဒီက တွေ့ရှိကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြန်မာအမျိုးသား၏ ပြောဆိုချက်အရ မြစ်ကမ်းနားတွင် အလုပ်လုပ်နေစဉ် အကူအညီတောင်းသံ သဲ့သဲ့ကို ကြားခဲ့ရသည်ဟု ဆိုသည်။ အစပိုင်းတွင် သရဲတစ္ဆေဟု ထင်ခဲ့သော်လည်း သွားရောက်စစ်ဆေးကြည့်ရာ ရေထဲ၌ ငါးဖမ်းလှေကြိုးတစ်ချောင်းကို ဆွဲကိုင်ထားပြီး အားအင်ကုန်ခမ်းနေပုံရသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့သဖြင့် သူငယ်ချင်းများကို အမြန်ခေါ်၍ အမျိုးသမီးကို ကမ်းပေါ်သို့ ဆွဲတင်ခဲ့ပြီး တဘက်တစ်ထည်ကို ပေးခဲ့သည်ဟု ၎င်းက ဖြစ်စဉ်ကို ပြန်လည်ပြောပြသည်။

အသက်ကယ်တင်ခြင်းခံခဲ့ရသူ ထိုင်းအမျိုးသမီးသည် သူမျောပါနေစဉ် ငါးဖမ်းလှေကြီးများ အကြိမ်ကြိမ် ဖြတ်သွားခဲ့သော်လည်း လှေကိုယ်ထည်ကွယ်နေသောကြောင့် မည်သူမျှမမြင်ခဲ့ဘဲ ပက်လက်မျောနေရင်း အကူအညီရရန် ဆုတောင်းနေချိန် ကိုသိုးဒီတို့၏ ငါးဖမ်းလှေငယ်က သူမကို တွေ့ရှိခဲ့ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းကယ်ဆယ်ရေးအဖွဲ့များအား ပြောခဲ့သည်။ ၎င်းမှာ သူမအတွက် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်ဟုလည်း ပြောဆိုခဲ့သည်။
သမွတ်ဆုန်ခရမ်ခရိုင်သည် ထိုင်းနိုင်ငံ၏ ပင်လယ်စာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများ အဓိကလုပ်ကိုင်ရာ ဒေသဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအများအပြား အလုပ်လုပ်ကိုင်နေကြသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
#မဲခေါင်မြစ် #မြန်မာလုပ်သား #၄နာရီကြာမျောပါနေသည့်ထိုင်းအမျိုးသမီး #ThanLwinKhetNews
