ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ကျောက်လှေကားကျေးရွာရှိ ဒေသခံနေအိမ်ပေါင်း ၇၃ လုံးအား အာဏာသိမ်းစစ်တပ်က ယနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU-ဗဟို ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလ ၃၀ ရက် နံနက် ၇ နာရီအချိန်တွင် သရက်ချောင်းမြို့မှ ကစယ်ဒိုမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ် တပ်ရင်း (၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၂) နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်တပ်သည် တိုက်ပွဲနှင့် လုံးဝ မသက်ဆိုင်သော ကျောက်လှေကားကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၇၃ လုံးအား လက်တုံ့ပြန်သည့်အနေဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။




ကစယ်ဒိုမြို့နယ်သည် KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ မြိတ်-ထားဝယ်ခရိုင် (တနင်္သာရီတိုင်းဒေသကြီး) တွင် တည်ရှိသည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကစယ်ဒိုမြို့နယ်အပါအဝင် မြိတ်-ထားဝယ်ခရိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ အခြားမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် KNLA ဦးဆောင်သော ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ပြင်းထန်လျက်ရှိသည်။
စစ်ကော်မရှင်တပ်သည် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားတိုင်း အရပ်သားပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးစဉ် လမ်းတစ်လျှောက်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လေ့ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကော်မရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ်နှင့် အဆောက်အအုံ ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီးအဓိကအားဖြင့် စစ်ကိုင်း၊ မကွေးနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ- စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဒေသခံနေအိမ်များ (ကေအဲန်ယူ)