ခင်သရဖီဦး
ရခိုင်ပြည်နယ်တွင် စပါးဈေးနှုန်းများ တက်နေသော်လည်း ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေမှုကြောင့် ဈေးကွက်မရှိသဖြင့် လယ်သမားများ အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။
ယခင်က အညံ့စားစပါး တောင်းတစ်ရာကို ကျပ် ၄ သိန်းဝန်းကျင်သာရှိခဲ့ရာမှ ယခု စက်တင်ဘာလ ဒုတိယပတ်မှစတင်ကာ ဈေးပြန်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ရွှေဝါထွန်း (အညံ့စား) စပါးတောင်းတစ်ရာကို ကျပ် ခြောက်သိန်း၊ ပေါ်ဆန်မွှေး တောင်းတစ်ရာကို ကျပ် ကိုးသိန်းနှင့် ကောက်ညှင်းစပါး တောင်းတစ်ရာကို ကျပ် ၁၄ သိန်းအထိ ပေါက်ဈေးရှိနေသည်။
” ရွေဝါထွန်း တောင်းတစ်ရာကို လေးသိန်းထိ ဈေးကျသွားတာရှိတယ်။ အခု ပြန်တက်လာတယ်။ ဝယ်သူရှိလားဆိုရင်လည်း မရှိဘူး။ ဒါပေမဲ့ အခုကတော့ ဈေးနည်းနည်းတက်နေတာပေါ့” ဟု ပေါက်တောဒေသခံ အသက် ၅၀ အရွယ်တောင်သူတစ်ဦးက ပြောသည်။

ထိုသို့ ဈေးနှုန်းများ မြင့်တက်နေသော်လည်း ဝယ်ယူမည့် ကုန်သည်၊ ပွဲစားများ လုံးဝမရှိသလောက် ရှားပါးနေသည်ဟု လယ်သမားများက ဆိုသည်။
စိုက်ပျိုးစရိတ်များ ကြီးမြင့်နေသည့်အတွက် လယ်သမားများအနေဖြင့် ရွှေဝါထွန်းစပါး တောင်းတစ်ရာကို အနည်းဆုံး ကျပ် ခြောက်သိန်းခန့်ရမှသာ အရင်းရမည်ဖြစ်သောကြောင့် ဈေးလျှော့ရောင်းချရန်လည်း အဆင်မပြေပေ။
“စပါးဟောင်းတွေကလည်း ရှိသေးတယ်။ နောက်နှစ်လဆို အသစ်တွေ ပေါ်တော့မယ်။ ဒါပေမဲ့ စပါးဟောင်းတွေကလည်း ရောင်းမကုန်သေးဘူး။ အရင်ကလို ဈေးကွက်ဆိုတာမျိုးတော့ မရှိဘူး။ ဆန်ပွဲစားတွေလည်း မလာကြတော့ဘူး။ လယ်စရိတ်တွေက ဈေးကြီးတော့ ဈေးမရဘဲနဲ့လည်း မရောင်းချင်ကြဘူးပေါ့” ဟု မြေပုံမြို့နယ်မှ လယ်သမားအမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်တစ်ပြည်လုံးတွင် စပါးစိုက်ဧက ၁၂ သိန်းအထိရှိသော်လည်း တိုက်ပွဲများကြောင့် ယခုနှစ်တွင် စိုက်ပျိုးဧက လေးသိန်းခန့်သာ ရှိနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့အစည်းများက ခန့်မှန်းထားသည်။
ယခင်က ရခိုင်မှထွက်သော ဆန်စပါးများကို ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ခဲ့သည့်အတွက် ဆန်စပါးဈေးကွက်မှာ လုံးဝပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်။
ဓါတ်ပုံ- APM
#ကုန်သွယ်လမ်းကြောင်းပြတ်တောက်မှု #ရခိုင်စပါးဈေးကွက် #ThanLwinKhetNews
