ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသော်လည်း ၎င်းအရှိန်ကြောင့် လာမည့် ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေရာကွက်၍ မိုးသည်းထန်ခြင်း၊ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက ယနေ့ နံနက်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းငယ်၏ သက်ရောက်မှုကြောင့် လာမည့် ၂၄ နာရီအတွင်း ပြည်တွင်းနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ပြည်သူများအနေဖြင့် သတိပြုနေထိုင်ရန် တိုက်တွန်းထားသည်။
ပင်လယ်ပြင် သတိပေးချက်အနေဖြင့် လာမည့် ၄၈ နာရီအတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၄ ပေခန့်အထိ ရှိနိုင်ကာ လှိုင်းကြီးနိုင်သည်ဟု ဆိုသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၄၀ အထိ တိုက်ခတ်နိုင်သဖြင့် ရေကြောင်းသွားလာသူများနှင့် ငါးဖမ်းသူများ အထူးသတိပြုရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့ နံနက် ၁၀:၃၀ နာရီ တိုင်းတာချက်အရ အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့၏ အနောက်ဘက် ရေမိုင် ၆၀၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေအနီး ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ကာ တဖြည်းဖြည်း အားပျော့သွားဖွယ်ရှိသည်ဟု မိုးလေဝသက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြေမရှိသောကြောင့် မုန်တိုင်းအဆင့်ကို “အဝါရောင်အဆင့်” (ဘေးကင်းလုံခြုံသည့်အခြေအနေ) အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။
#မုန်တိုင်းငယ် #တစ်နိုင်ငံလုံး #မိုးကြီးနိုင် #ThanLwinKhetNews