အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သော ယနေ့တွင် စစ်ကော်မရှင်ကကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ကာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးတရားဝင်မှုရရန် လှည့်ဖြားခြင်းသာဖြစ်ပြီး တရားမျှတမှုရှိမည် မဟုတ်သည့်အတွက် အသိအမှတ်မပြုဘဲ အဆိုပါရွေးကောက်ပွဲ အကောင်အထည်မပေါ်ရန် မိတ်ဖက်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို ယနေ့တိုင် မသိရှိရဘဲ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည့် သတင်းများကြောင့် အထူးပူပန်မိသည်ဟုလည်း ဆိုသည်။ မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ မည်သည့်တွေ့ဆုံဆွေးနွေးမှုမျှ အောင်မြင်နိုင်မည်မဟုတ်ဟုလည်း ထောက်ပြ ပြောဆိုထားသည်။
NLD ပါတီသည် ၁၉၉၀၊ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများအားလုံးတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော်ကို အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီး အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် စစ်ကော်မရှင်က ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ဖြင့် NLD ပါတီအား ပြန်လည်မှတ်ပုံတင်ရန် ဖိအားပေးခဲ့သော်လည်း ပါတီက ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် စစ်ကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်တွင် NLD ပါတီကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ရာ လက်ရှိတွင် ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပေ။
ယနေ့ထုတ်ပြန်ချက်တွင် NLD ပါတီက ၎င်း၏ မူလရည်မှန်းချက်ဖြစ်သည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မမှိတ်မသုန် ကြိုးပမ်းသွားမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ပိုမိုပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကတိပြုခဲ့သည်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးကိုင်တွယ်ရာတွင် ပြဿနာ၏ အရင်းမြစ်ကို သိရှိရန်လိုပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် အတုအယောင်ရွေးကောက်ပွဲကဲ့သို့ ကိစ္စရပ်များကို ရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။
ပုံစာ – ၂၀၂၀ ရွေးကောက်ပွဲ (ပုံဟောင်း)
#စစ်ကော်မရှင်ရွေးကောက်ပွဲ #ဆန့်ကျင် #NLDထုတ်ပြန် #Thanlwinkhetnews