ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ တာဆောင်ရမ်းမြို့နယ်အတွင်း မြန်မာနိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာသော ကြက်သွန်နီ ကီလိုဂရမ် ၆၀၀ ကို ထိုင်းပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးကို ထိန်းသိမ်းခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။
အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင် ပူးပေါင်းအဖွဲ့က တာဆောင်ရမ်းမြို့နယ်၊ မဲစလစ်လောင်ကျေးရွာရှိ ဆိပ်ခံတံတားအနီးတွင် ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကားကို မောင်းလာသည့် ယာဉ်မောင်းမှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယာဉ်ပေါ်တွင် တရားဝင်အထောက်အထားမရှိသည့် ကြက်သွန်နီအိတ် ၄၀ (စုစုပေါင်းအလေးချိန် ၆၀၀ ကီလိုဂရမ်) ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
ယာဉ်မောင်းက အဆိုပါ ကြက်သွန်နီများကို ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့မှတဆင့် မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကို စက်လှေဖြင့် ဖြတ်သယ်လာကာ တာဆောင်ရမ်းမြို့နယ်အတွင်းသို့ ပို့ဆောင်ရန် တရားမဝင် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အာဏာပိုင်များက ကြက်သွန်နီ ကီလို ၆၀၀ နှင့် မော်တော်ယာဉ်တို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းခဲ့ပြီး မဲဆောက်အကောက်ခွန်နှင့် သက်ဆိုင်ရာဌာနများထံ ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် ယာဉ်မောင်းအမျိုးသားအားလည်း လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
နယ်စပ်တစ်လျှောက် တရားမဝင်လုပ်ငန်းများအား တားဆီးရန်အတွက် ထိုင်းအမှတ် ၃၅ အထူးတပ်ဖွဲ့ လက်အောက်ခံ ရိန်းဂျားတပ်ခွဲ ၃၅၀၆၊ မဲဆောက်အကောက်ခွန် နှင့် မဲဆောက် စိုက်ပျိုးရေးကွာရန်တင်းစခန်းတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်ချက်ရှိရာ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
#တရားမဝင်တင်သွင်း #ကြက်သွန်နီ #နယ်စပ် #Thanlwinkhetnews