ကရင်ပြည််နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိခိုက်၊ အကျဆုံးများစွာရှိပြီး ဖလူးကျေးရွာသို့ ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
ယနေ့နေ့လည် ၁၂ နာရီကျော်တွင် ကာမီကာဇေဒရုန်း နှစ်စင်းဖြင့်တိုက်ခိုက်ပြီး ဖလူးကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ မြေပြင်ရဲဘော်တစ်ဦးက “ကာမီကာဇေနဲ့လာကြဲတာ။ ထိခိုက်မှုတော့မရှိဘူး။ ကျောင်းနဲ့ ဘုန်းကြီးကျောင်းတော့ ပျက်စီးသွားတာပေါ့” ဟု အတည်ပြု ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများစွာဖြင့် လေးကေ့ကော်မြို့သို့ ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည်ဟုလည်း မြေပြင်တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၎င်းက “အခုချိန်မှာ လေးကေ့ကော်မှာ ထိတွေ့တိုက်ပွဲတောက်လျှောက်ဖြစ်နေတယ်။ ဒါပေမယ့် စကစဘက်က ထိခိုက်ကျဆုံးမှုများစွာနဲ့ အခုချိန်မှာ ရှေ့ဆက် မတိုးနိုင်ဘဲ လေးကေ့ကော်မှာ ရပ်တန့်နေတယ်ပေါ့နော်။ စစ်ကောင်စီထိခိုက်ကျဆုံးမှုများနေတဲ့ အချိန်မှာ ဒါ သူတို့ဘက်က အားနည်းနေတဲ့ အပိုင်းပေါ့နော်။ အားနည်းနေတဲ့ အခြေအနေလို့ မြင်ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်မှစပြီး စစ်ကောင်စီတပ်ဘက်မှ လေးကေ့ကော်မြို့သို့ တဖန် ပြန်လည်ထိုးစစ်ဆင်ကာ ယခုအချိန်အထိ ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ အဆိုပါ လေးကေ့ကော်နှင့် အနီးတဝိုက်တိုက်ပွဲကြောင့် ဒေသခံ ၂၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပုံစာ – ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်က စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလူးစာသင်ကျောင်း ပျက်ဆီးခဲ့ဖူးသည်။ (ပုံဟောင်း)