စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ မူတြော်ခရိုင် ကေအဲန်ယူတပ်မဟာ၅ နယ်မြေအတွင်းကို တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဓမ္မဆရာနှင့် ၃နှစ်ခန့်အရွယ် ကလေးငယ်တို့အပါအဝင် ပြည်သူ၅ ဦးသေဆုံးခဲ့သည် ဟု သိရသည်။
ယမန်နေ့ဇန်နဝါရီလ ၁၂ရက်၊ နေ့လည် ၂း ၁၃ နာရီတွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးအုပ်စု လေးဝါးရွာအတွင်းကို စစ်ကောင်စီက တိုက်လေယာဥ် ၄စီးဖြင့် ဗုံး ၈ လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုသည် ကျေးရွာအတွင်း၌ ၆ လုံးနှင့်ရွာအပြင်ဘက်၌ ၂လုံးကျရော က်ပေါက်ကွဲခဲ့သည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စောရဲဒီ(၄၅နှစ်)၊ စောချမ်းအေး (၃၈ နှစ်)၊ စောဖားဘလယ့်( ၃၅နှစ်)၊ နော်လားခလယ့်ဖော(၃၇နှစ်)နှင့် နော်လားခလယ့်ဖော်၏ ၂ နှစ်နှင့် ၁၁လအရွယ်သမီးနော်မရီးနာ တို့သေဆုံးခဲ့သည်။
သေဆုံးခဲ့သူများသည် ခြေပြတ်၊ လက်ပြတ်နှင့်ခန္ဓာကိုယ် ကြေမွဒဏ်ရာများရရှိခဲ့ပြီး နေရာ၌ ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြသည်ဟု သိရသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှု၌ ပြည်သူ၅ဦး သေဆုံးခဲ့သည့်အပြင် ၅ဦးဒဏ်ရာရရှိခဲ့ပြီး ကျွဲ၊နွားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ခရစ်ယာန်ဘုရားကျောင်း၃ ကျောင်း၊ စာသ င်ကျောင်း၂ ကျောင်းနှင့် နေအိမ် ၁၀ လုံးတို့ကျေမွပျက်စီးခဲ့ပြီးအခြားနေအိမ် ၂၁လုံးလည်း တစ်စိတ်တစ်ပိုင်းထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် ကေအဲန်ယူတပ်မဟာ ၅နယ်မြေအတွင်းရှိ အရပ်သားပစ်မှတ်များကို တိုက်လေယာဥ်များဖြင့် ယခုလအတွင်း တောက်လျောက်တိုက်ခိုက်နေရာ ဇန်နဝါရီ ၁၂ ၊ နေ့လည် ၁း၁၀ နာရီတွင်လည်း ဘူးသို့မြို့နယ်ရှိလာဂေါ်ဒန်းကျေးရွာအတွင်းသို့ ဗုံး၆လုံးကြဲချခဲ့ရာ သားမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံး ထိခိုက်ပျက်ဆီးခဲ့သည်။
ထို့ပြင်ဇန်နဝါရီ ၇ရက်ကလည်း ဒွဲ့လိုးမြို့နယ် ကျေးရွာများအတွင်းသို့ နေရာ၇ နေရာအား ဗုံးကြဲတိုက်ခိုက်ခဲ့ရာရွှေတူးဖော်နေသည့် လုပ်ငန်းရှင်မိသားစုများနှင့် အလုပ်သမားများ စုစုပေါင်း ပြည်သူ ၆ဦး သေဆုံးခဲ့သည်။