စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို စစ်တပ်က ယနေ့ နံနက် ၁၁ ခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ကိုးဦး သေဆုံးပြီး ၁၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“ကံထူးမ ကျေးရွာ အနောက်ခြမ်းမှာရှိတဲ့ ပန့်ဆိုင်နဲ့ အသစ်ဆောက်လုပ်နေတဲ့ တိုက်နဲ့ မုန့်ဆိုင်ကြားကို ရှေ့တစ်လုံး နောက်တစ်လုံး ကျသွားတာဗျ” ဟု ကံထူးမကျေးရွာမှ အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဗုံးဒဏ်ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကောက်ယူရာတွင် မြေကြီးပေါ်တွင် အစိတ်စိတ်အမွှာမွှာ ပြန့်ကြဲနေခြင်းကြောင့် အလောင်းများ ကောက်ရခက်နေသည်ဟု ဒေသခံများက ဆိုသည်။
“သေဆုံးတဲ့ သူတွေထဲမှာ Dead Body (ရုပ်အလောင်း) ကောင်းကောင်းမွန်မွန် ကောက်လို့ရတာ လေးယောက်ပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ဗုံးကြဲခံရပြီးချင်းတွင် ရှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေတွင် ဒဏ်ရာရရှိသူများထဲမှ တစ်ဦး ထပ်မံသေဆုံးခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာပြီဖြစ်သည်။
လက်ရှိဒဏ်ရာရထားသူများထဲတွင်လည်း စိုးရိမ်ရသူ နှစ်ဦးရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုသို့ စစ်ကောင်စီမှ ဗုံးကြဲချခဲ့ခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်စိတ်များ မြင့်တက်ကာ နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများ ရှိနေသည်ဟု သိရသည်။
“နောက်တစ်ကြိမ် လာကြဲမလားလို့ စိုးရိမ်သောကနဲ့ နေနေကြရတာ၊ အရင်တုန်းကလည်း ဒီလို ဖြစ်စဉ်တွေ ဖြစ်ဖူးတယ်။ စခန်းသိမ်းပွဲတုန်းကလည်း လေယာဉ်နဲ့ ၂၆ ကြိမ်လောက် ကြဲသွားတာ” ဟု ဒေသတွင်း မလုံခြုံမှု အခြေအနေအား ၎င်းမှ ရှင်းပြသည်။
ထိုသို့ ဗုံးထိမှန်ခြင်းကြောင့် ဆီပန့်ဆိုင်၊ ဆောက်လက်စ နှစ်ထပ်တိုက်၊ စာသင်ကျောင်းနှင့် ဈေးဆိုင်ခန်းများ ပျက်စီးသွားသည်ဟု လည်း သိရသည်။
အဆိုပါ ကံထူးမရွာသည် ၂၀၂၄ ခုနှစ် မတ်လအတွင်းတွင် တော်လှန်ရေးအင်အားစုများက စစ်တပ်နှင့် ပျူစောထီးများထံမှ အပြီးသတ် တိုက်ခိုက်သိမ်းယူထားသည့် ရွာဖြစ်သည်။
ဓါတ်ပုံ- ပေးပို့
#တန့်ဆည် #စစ်တပ် #လေကြောင်းဗုံးကြဲ #ThanLwinKhetNews
























