ခင်သရဖီဦး
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ အကူအညီများ လိုအပ်နေသည့် မူဆလင်ကျေးရွာ ၁၀ ခုအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောက်ရွက်ရေးရုံး (HDCO) က ဆန်နှင့် အမိုးအကာများ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လအထိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ ၁၀ ခုအား အကူအညီများ စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်စု ၇၈၉ စု၊ လူဦးရေး ၅၀၀၄ ဦးအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြားလိုအပ်သည့် အကူအညီများအား ကူညီပေးခဲ့သည်ဟု ယမန့်နေ့က ထုတ်ပြန်ခဲ့သည်။
ထောက်ပံ့ပေးခဲ့သည့် ပစ္စည်များမှာ ဆန် ၄၂၉ အိတ်၊ တာပေါ်လင် ၂၄၈ ချပ်၊ ငွေသား ကျပ် ၆၈ သိန်းကျော်၊ ကိုယ်ဝန်ဆောင်အားဆေး ၂၀၉ ကဒ်၊ မျိုးစပါး ၂၀ အိတ်တို့အား HDCO မြို့နယ်တာဝန်ရှိသူများနှင့် မိတ်ဖက်ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ကုန်ဈေးနူန်းမြင့်တက်လာသည့်အတွက် ကျပန်းလုပ်ကိုင် စားသောက်နေရသည့် ဒေသခံများအနေဖြင့် စားဝတ်နေရေး ကျပ်တည်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဘူးသီးတောင် ကင်းတောင်ကျေးရွာမှ အသက် ၄၀ အရွယ် မူဆလင် အမျိုသားတစ်ဦးက ဆိုသည်။
၎င်းက ”စားဝတ်နေရေးက အဆင်ပြေတယ်လို့လည်း မဟုတ်ပါဘူး။ အဆင်မပြေတာတွေ များပါတယ်။ ရက်ကျ လုပ်စားပြီးတော့ ပြေလည်အောင် ဖြေရှင်းနေရတဲ့ အပိုင်းကလည်း ရှိတယ်။ ကုန်ဈေးနူန်းကလည်း တက်တော့ အဆင်မပြေပါဘူး။ အကူအညီကတော့ ရချင်ပါတယ်” ဟု ဆိုသည်။
HDCO အနေဖြင့် လိုအပ်ချက်မြင့်မားပြီး အကူအညီအထောက်အပံ့ရရှိမှု နည်းပါးသည့် မြို့နယ်များ၊ အကူအညီ မရရှိသေးသည့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများကို အရေးပေါ်အကူညီများ ပေးအပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။
HDCO အနေဖြင့် ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ပြီး အကူအညီ လိုအပ်နေသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပါအဝင် လိုအပ်သည်များကို ထောက်ပံ့ပေးနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။