ခင်သရဖီဦး
စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ဘေးရှောင် သုံးဦးအား စစ်တပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် နေ့လယ် ၂ နာရီခန့်တွင် ချောင်းဝကျေးရွာမှ ယခင်နေရပ် ဂေါ်တူကျေးရွာသို့ ဟင်းသွားခူးချိန်တွင် လမ်း၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။
အသက် ၂၅ နှစ်အရွယ် ကျောက်ဖြူဒေသခံတစ်ဦးက ”ကင်းပုန်းဝပ်နေတဲ့ စစ်သား ၂၀ လောက်ကနေ ရွာလမ်းကြားမှာ တွေ့တဲ့ သုံးယောက်စလုံးကို ဖမ်းသွားတာ။ သူတို့က ဟင်းသွားခူးတဲ့အခါမှာ ဖမ်းဆီးခံရတာပါ။ အကုန်လုံးက ဂေါ်တူရွာကနေ ချောင်းဝရွာမှာ စစ်ရှောင်နေကြတဲ့ လူတွေ ဖြစ်ပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် ဒေသခံများမှာ အသက် ၃၂ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၅၇ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။
စစ်ကော်မရှင်တပ်အနေဖြင့် ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများသို့ ယခုရက်ပိုင်းအတွင်း ဝင်ရောက်လာမှုများရှိနေပြီး စစ်ဘေးရှောင်များကို မကြာခဏ ဖမ်းဆီးမှုများရှိနေသည်။ ထို့ကြောင့် လက်ရှိဒေသခံများမှာ စိုးရိမ်မှုများရှိနေသည်ဟု အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကဆိုသည်။
၎င်းက ”ရွာမှာ နေကြရတဲ့လူတွေက စားရေးသောက်ရေး အဆင်မပြေမှုတွေကလည်း ရှိနေတယ်။ နောက်ပြီးတော့ စစ်တပ်ကလည်း အခုလို ကျေးရွာသားတွေကို ဖမ်းဆီးတာတွေရှိတယ်။ ဖမ်းသွားတဲ့ လူတွေကလည်း ပြန်လွတ်လာတာ မရှိဘူးပေါ့။ ဒေသခံတွေက အမြဲဆိုသလို ကြောက်နေရတယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့တွင်လည်းကောင်း၊ ကျေးရွာတချို့တွင်လည်းကောင်း စစ်ကော်မရှင်တပ်များက ထိုကဲ့သို့ မကြာခဏ ဝင်ရောက်ပြီး ဒေသခံများကို အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထောင်ချမှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။