ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ၉ မိုင်အကွာရှိ လေးကေ့ကော်မြို့ကို စစ်တပ်ဘက်မှ ထိုးစစ်ဆင်ကာ လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ နံနက်အစောပိုင်းမှစပြီး လက်နက်ကြီးထုသံ ခတ်စိပ်စိပ်ကြားနေရသည်ဟု မြေပြင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးကဆိုသည်။
၎င်းက “သူတို့စစ်ကြောင်း ထိုးရင်းနဲ့ ထုတာပေါ့။ အခုကတော့ သူတို့ဘက်လည်း ထုတယ်။ ကိုယ့်ဘက်လည်း ထုတယ်ပေါ့နော်။ Battle မဖြစ်ဘူး။ လက်နက်ကြီးပဲထုနေတာ။ မယ်ဝါးခီးမှာက၊ တချက်တလေ လေးကေ့ကော်မှာ အသေး (လက်နက်ငယ်) ပါပစ်တယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် အပြန်အလှန်ပစ်ခတ်မှု ကြီးကြီးမားမားမရှိသေးဘဲ စစ်ကောင်စီတပ်ဘက်မှလည်း ထီးမယ်ဝါးခီးနှင့် လေးကေ့ကော်အနီးသို့ ရောက်ရှိပြီး သိမ်းပိုက်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ လက်ရှိအချိန်အထိ အပြန်အလှန်လက်နက်ကြီး ပစ်ခတ်သံများကို ကြားနေရသည်။
စစ်ရှောင်စခန်းတစ်ခုတွင် တိမ်းရှောင်နေရသည့် လေးကေ့ကော်ဒေသခံစစ်ရှောင်တစ်ဦးကလည်း “အခုချိန်အထိ ဘာမှတော့ မပြင်ဆင်ရသေးဘူး။ အခုက လေးကေ့ကော်ကိုပဲ ဦးတည်နေတာဆိုတော့ ကျွန်တော်တို့ စစ်ရှောင်အနေနဲ့က ဒီအတိုင်းအရင်နေတာပေါ့။ တကယ်လို့ တိုက်ပွဲဖြစ်မယ်၊ စစ်ရှောင်တဲ့ နေရာအထိ ရောက်လာရင်တော့ တမျိုးတဖုံ ကြံရတော့မှာပေါ့” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၅ရက်မှ စ၍ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာကာ တိုက်ပွဲများ ဖြစ်ပွားပြီး လေးကေ့ကော်ဒေသခံများ စစ်ဘေးရှောင်ခဲ့ရဖူးသည်။ ထို့နောက် လေးလကြာ ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း တွင် တိုက်ပွဲများ မရှိတော့၍ ဒေသခံတချို့ ပြန်နေထိုင်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် တော်လှန်ရေးတပ်များက လေးကေ့ကော်အနီးရှိ စွယ်တော်ကုန်း၊ အမြှောက်ကုန်းစခန်းများကို အပြီးသတ် သိမ်းယူပြီးနောက် ဒေသခံများ ပြန်လည်နေထိုင်ကြပြီး ယခုတစ်ကြိမ် ပြန်လည် စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။
ပုံစာ – ဗိုလ်မှူး စောကိုကိုနှင့် ၎င်း၏ တပ်ဖွဲ့ဝင်များအား မြင်တွေ့နေရစဥ်။