ရခိုင်ပြည်နယ် မောင်တောအခြေစိုက် သတင်းဌာန ဖြစ်သည့် Border News Agency -BNA က ဖမ်းဆီးခံထားရသည့် အမျိုးသမီးသတင်းတောက် မုဒြာအား ပြန်လည်လွှတ်ပေးရန် အေအေထံ တောင်းဆိုထားသည်ဟု အယ်ဒီတာချုပ်ဖြစ်သူ ကိုကောင်းမြတ်နိုင်က ပြောသည်။
အဆိုပါ အမျိုးသမီးသတင်းထောက်အား အာရက္ခတပ်တော် AA ၏ ထောက်လှမ်းရေးဌာနမှ စစ်ဆေးမေးမြန်းရန်ဟု ဆိုကာ စက်တင်ဘာ ၂၀ ရက် မွန်းတည့် ၁၁ နာရီကျော်တွင် မောင်တော်မြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု BNA မှ ထုတ်ပြန်ထားသည်။
“သူတို့က မေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာပါ။ မေးပြီး အိမ်ပြန်ပို့ပေးရပါမယ်” ဟု ကိုကောင်းမြတ်နိုင်က ပြောသည်။
လက်ရှိတွင် ထိန်းသိမ်းခံထားရသူ သတင်းထောက်အမျိုးသမီးသည် မောင်တောမြို့ရှိ AA ၏ ထောက်လှမ်းရေးရုံးတွင် ရှိနေပြီး မိသားစုဖြစ်သူနှင့် မနေ့က တွေ့ဆုံခွင့်ရခဲ့သည်ဟု ကိုကောင်းမြတ်နိုင်က အတည်ပြုပြောသည်။
ထိုအမျိုးသမီးသတင်းထောက်အား ရခိုင်ဒေသတွင်း လူနည်းစု ဖြစ်သည့် “မြိုကလေးများ ပညာသင်နေကြသည့် စာသင်ကျောင်း” ဆိုသည့် ရုပ်သံသတင်းတင်ဆက်မှုနှင့် ပတ်သက်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ သတင်းတင်ဆက်သူများအား ဖမ်းဆီးခြင်းသည် ဒေသတွင်း နေထိုင်သူများ၏ သတင်းရပိုင်ခွင့်နှင့် သိပိုင်ခွင့်များအား အုပ်ချုပ်သူများအနေဖြင့် ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းသမားကာကွယ်ရေးအဖွဲ့များကလည်း ထောက်ပြပြောဆိုကြသည်။
လွတ်လပ်သောမီဒီယာကောင်စီ IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်ကတော့ “စစ်ကောင်စီက မီဒီယာတွေကို ကန့်သတ်တာကတော့ သိပ်မထူးဆန်းပါဘူး။ တော်လှန်ရေးအဖွဲ့တွေကပါ မီဒီယာတွေကို ကန့်သတ်လာရင်တော့ စစ်ကောင်စီကို ဘာကြောင့် တိုက်နေလဲ ဆိုတာ မေးဖို့ လိုပါတယ်။ သတင်းမီဒီယာတွေ အလုပ်လုပ်နေတာက Journalism is not a Crime၊ ရာဇဝတ်မှု ကျူးလွန်တာ မဟုတ်ဘူး။ အဲဒီတော့ မီဒီယာတွေကိုတော့ လွတ်လွတ်လပ်လပ် သတင်းရယူပိုင်ခွင့် ရှိသင့်ပါတယ်။ ဒီတော်လှန်ရေး နယ်မြေတွေမှာ”ဟု ပြောသည်။
လက်ရှိ ထိန်းသိမ်းထားသည့် အမျိုးသမီးသတင်းထောက်နှင့် ပတ်သက်၍ နားလည်မှုများ လွဲမှားခဲ့ပါက တာဝန်ရှိသူများ အနေဖြင့် သဘောထားကြီးစွာ နားလည်ပေးရန် မျှော်လင့်သည်ဟု BNA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အာရက္ခတပ်တော် (AA) တာဝန်ရှိသူများကို သံလွင်ခက်မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။
စစ်တပ် အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ လေးနှစ်အတွင်း သတင်းထောက် ၂၀၀ ကျော် ဖမ်းဆီးခံထားရပြီး ၄၃ ဦးမှာ လက်ရှိ အချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု IPCM ၏ အချက်အလက်များအရ သိရသည်။
နိုင်ငံပေါင်း ၁၈၀ အား တိုင်းတာထားသည့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏ ကမ္ဘာသတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၆၉ တွင် ရှိသည်။
ပုံစာ-ရိုက်တာသတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ ပုသိမ်မြို့မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က သတင်းမီဒီယာသမားတွေ ဆန္ဒထုတ်ဖော်စဉ်