ခင်သရဖီဦး
ရခိုင်ပြည်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ပုဏ္ဏားကျွန်းစသည့် မြို့နယ်များတွင် စက်တင်ဘာလ ၁၉ ရက်မှစတင်ပြီး ညအချိန် လေကြောင်းက စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ၊ ကင်းထောက်ဒရုန်း၊ Y 12 စသည့် စစ်လေယာဉ်များ ပျံသန်းနေသည့်အတွက် ဒေသခံများ ကြောက်လန့်မှုများနှင့် စိုးရိမ်မှုများရှိနေသည်ဟု ဆိုကြသည်။
ဂျက်လေယာဉ်များမှာ နေ့စဉ်ဆိုသလို ညအချိန်တွင် ဝဲပျံနေသည့်အတွက် ဒေသခံပြည်သူများမှာ မြို့ပေါ်မှ စစ်ဘေးရှောင်နေကြရပြီး တချို့ကျေးရွာ ဒေသခံများမှာလည်း နေအိမ်ပေါ်တွင် မအိပ်ရဲသည့် အခြေအနေတွင် ရှိနေသည်ဟု ပြောကြသည်။
ကျောက်တော်ဒေသခံ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ဒီလိုမျိုး လေယာဉ်တွေ ရက်ပိုင်းလောက်အတွင်း ဆက်တိုက်ဆိုသလိုမျိုး ဖြစ်နေရင် လေကြောင်းအန္တရာယ် လာတော့မယ်ဆိုတာကို သတိချပ်လို့ ရတယ်ပေါ့လေ။ တချို့ မရှောင်တဲ့ လူတွေကလည်း အိမ်အောက်မှာ ဆင်းပြီးတော့ အိပ်ရတဲ့ အခြေအနေတွေ ရှိနေတယ်” ဟု ဆိုသည်။
ထို့အတူ တချို့ဒေသခံများမှာလည်း စစ်ကောင်စီ၏ လေကြောင်းသာမက ရေကြောင်းကိုပါ စိုးရိမ်နေကြရသည်။
ပေါက်တောဒေသခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ”ပေါက်တောဘက်ကလည်း ဂျက်ဝဲတာရော၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရော နေ့ရော ညပါ အဆက်မပြတ်ရှိနေတယ်။ ကျနော်တို့ကတော့ သတိတွေနဲ့ နေနေရတယ်။ အခုက မိုးကလည်း မကုန်သေးတော့ ဗုံးတွင်းတွေကလည်း ဝင်ဖို့အတွက် အဆင်မပြေသေးဘူး။ ပိုပြီး ဂရုစိုက်နေကြရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်တွင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းသူကျောင်းသားများအပါအဝင် ၂၂ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ဩဂုတ်လ ၂၅ ရက်တွင် မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့သည့်အတွက် အသက်မပြည့်သည့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၅ ဦး သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်အနေဖြင့် ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ရှိလာနေသည့်အတွက် ဒေသခံများမှာ စစ်ဘေးရှောင်နေကြရပြီး စိုးရိမ်မှုများလည်း မြင့်တက်နေခြင်း ဖြစ်သည်။
ပုံစာ – ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် နေအိမ်များအား တွေ့ရစဥ်
#ရခိုင် #ဂျက်ဖိုက်တာ #ဒေသခံ #စိုးရိမ်မှုမြင့်တက် #ThanLwinKhetNews