ယနေ့ နံနက် ၁ နာရီ ၂၅ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ကျီစုရွာအား စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ရာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကျေးရွာသား ၁၇ ဦးထိခိုက်ဒဏ်ရာခဲ့သည်ဟု သိရသည်။
ဒေသတွင်း သတင်းအချက်အလက်များ ထုတ်ပြန်နေသည့် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ဖော်ပြချက်အရနေအိမ် နှစ်လုံးနှင့် စာသင်ဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ဖိုက်တာပစ်တဲ့ အချိန်က တကယ့်အိပ်မောကျနေတဲ့ အချိန်ကြီးဗျ။ ပထမ တစ်လုံး ချတာက မနက် ၁ နာရီ ၂၅ မိနစ်၊ နောက်တစ်လုံးက ၁ နာရီ ၂၈ မိနစ်၊ ကံကောင်းတာက ပထမတစ်လုံးကျတာ လူသိပ်မရှိတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း (မြောက်) ကျောင်းကြား၊ နောက်တစ်လုံးကဘုန်းကြီးကျောင်း (တောင်) ကျောင်းနဲ့ လူနေအိမ်ကြားကျတာမို့ သေဆုံးနည်းတာဗျ” ဟု ကျီစုရွာဒေသခံ တစ်ဦး ပြောဆိုချက်ကို ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြသည်။
ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ၁၇ ယောက်တွင် ၅ ယောက်ကထိခိုက်မှု ပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု သိရသည်။ ကျန် ၁၂ ယောက်ထဲတွင် တခြား ဒေသမှ စစ်ရှောင်လာနေကြသည့် ပြည်သူ ၇ ဦးလည်း အသက်အန္တရာယ် မစိုးရိမ်ရဟု သိရသည်။
“ညကတော့ တစ်ရွာလုံး ကမ္ဘာပျက်သလိုပါ့ဗျာ။ ညသန်းခေါင်ကျော်ကြီး ရွာထဲ မနေရဲလို့ ပြေးကြ လွှားကြ ဘယ်သူမှ မနေရဲကြဘူး။ လေယာဥ်ထပ်ပစ်မှာ ကြောက်ကြတာ။ ရွာကလည်း မီးရှို့ခံထားရတော့ အကုန်ပြောင်နေပြီလေ။ တဲကုပ်အိမ်ပဲများတာ” ဟုလည်း ဒေသခံ တစ်ဦးက ဆိုသည်။
အိမ်ခြေ ၈၇၀ ရှိသည့် ကျီစုရွာသည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအပြင် ယခင်က တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာလည်း ဖြစ်သည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ၂၀၂၂ ခုနှစ် ၇ လပိုင်းနှင့် ၁၁ လပိုင်းတို့တွင် နှစ်ကြိမ်ခံထားရပြီး အိမ်ခြေ ၇၀၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်။
ထို့ကြောင့် တစ်ရွာလုံးနီးပါး အိုးအိမ်မဲ့ကာ စစ်ဘေးရှောင်ခဲ့ရသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။ ယခင်နှစ်နောက်ပိုင်းမှသာ တနိုင်တပိုင် အိမ်များ ဆောက်၍ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခဲ့ကြသည်။
စစ်ကောင်စီတပ်ဘက်မှ ဇီးကုန်းရဲစခန်း အစီးခံရပြီးနောက် ပြည်သူများအား ပစ်မှတ်ထားကာ နယ်မြေရှင်းလင်းရေး ပြုလုပ်လာသဖြင့် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများ မပြတ်နားစွင့်ပြီး သတိထားသွားလာကြရန်နှင့် လေကြောင်းသတင်းများ ဂရုစိုက်နားထောင်ကြရန်လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က သတိပေးထားသည်။
ဓာတ်ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)
#ကန့်ဘလူ #ကျီစုရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ThanLwinKhetNews




