မွန်ပြည်နယ်တွင် စစ်မှုထမ်းရန် လူငယ် ၂၅၀၀ အထိ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရသည်ဟု မွန်ပြည်နယ် အခြေစိုက် Rehmonnya Institute for Civic Engagement – RICE ၏ ယခုလအတွင်း ထုတ်ပြန်သည့် သုတေသနစစ်တမ်းအရ သိရသည်။
စစ်မှုထမ်း ဥပဒေကို အတည်ပြုပြဌာန်းပြီးနောက်ပိုင်းတွင် ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်တို့မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်များ အပါအဝင် အခြားမြို့ရွာများတွင်လည်း စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အရွယ်အတွင်း အကျုံးဝင်သော လူငယ်များအား တစ်ရွာ တစ်ယောက်နှုန်းဖြင့် စစ်မှုထမ်းရန် စတင်ခေါ်ယူခဲ့သည်ဟု သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လမှ စ၍ စစ်တပ်၊ ရဲနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အရွယ်အတွင်း အကျုံးဝင်သော လူငယ်များ၏ စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းနှင့် ဆင့်ခေါ်စာ ပေးပို့ခြင်းများအား လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ထိုသို့ ဆင့်ခေါ်စာ ပေးပို့ခံရသည့် လူငယ်များအနေဖြင့် စစ်မှုထမ်းရန် ပျက်ကွက်ပါက စစ်မှုထမ်းဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများလည်း ရှိနေသည်ဟု သိရသည်။
ထို့အပြင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်တွင် စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက် အကျုံးဝင်သူများရှိသည့် အိမ်ထောင်စုများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ငွေကြေး လစဉ်ပေးဆောင်နေရသည်ဟု ဆိုသည်။
ထိုသို့ တစ်အိမ်လျှင် ကျပ် ၁၅၀၀၀ ခန့်ကို လစဉ်ပေးနေသော်လည်း စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည်ဟု အာမခံချက်မရှိကြောင်း သိရသည်။
ထို့အပြင် လက်ရှိ မွန်ပြည်နယ်တွင် ညအချိန် သွားလာသည့် လူငယ်များ၊ ဆိုင်ကယ်စီးနင်းသည့် လူငယ်များနှင့် လိုင်စင်မဲ့ကား စီးနင်းသည့် ပြည်သူများအား ဖမ်းဆီးကာ အဓမ္မစစ်သားစုဆောင်းခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။
ထိုကြောင့် ဒေသတွင်း လူငယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခြင်းများ ရှိနေသည်ဟုလည်း သိရသည်။
#မွန်ပြည်နယ် #လူငယ် #အဓမ္မစစ်သားစုဆောင်းခံရ #ThanLwinKhetNews